နတ်ရေကန်အနီးတိုက်ပွဲအတွင်း အကြမ်းဖက်မြန်မာလေတပ်မှ လေယာဉ်အမျိုးအစားသုံးမျိုးဖြင့် AA ကို တပြိုင်နက်တည်း ဗုံးကြဲတိုက်ခိုက်

နတ်ရေကန်အနီးတိုက်ပွဲအတွင်း အကြမ်းဖက်မြန်မာလေတပ်မှ လေယာဉ်အမျိုးအစားသုံးမျိုးဖြင့် AA ကို တပြိုင်နက်တည်း ဗုံးကြဲတိုက်ခိုက်

ရခိုင်ပြည်-အမ်းမြို့နယ်နှင့် မကွေးတိုင်း-ငဖဲမြို့နယ်အကြားရှိ အမ်း-ပဒါန်းရိုးလမ်းပေါ်ရှိနတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးစခန်းကို အာရက္ခတပ်တော်(AA)နှင့်ပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင်လာ နိုင်သည်ဟု ယူဆကာ စစ်တပ်က အောက်တိုဘာ ၁ ရက်နေ့က လေယာဉ် အမျိုးအစား ၃ မျိုးဖြင့် ၎င်းစခန်း အနီးဝန်းကျင်ကို လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု သတင်းရရှိသည်။

ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက "မနေ့ကတစ်နေကုန် Y-12 နဲ့ ဗုံးချတယ်။ ပြီးတော့ Y-12 က အဲဒီနားမှာ ဝဲနေတုန်း Y-8 လာတယ်။ ပြီးရင် ဂျက်ဖိုက်တာလာတယ်။ သုံးစီးတောင်လာပစ်တာ တနေကုန်ပစ်တာ။ တောင်ကြောတစ်လျှောက် တိုက်ပွဲဖြစ်တဲ့နေရာရော၊ မဖြစ်တဲ့နေရာရော အကုန်လာပစ်တာ။ ကျနော်အထင်တော့ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးစခန်းအနားကို AA က ကပ်လာတော့ ထိုးစစ်ဆင်မယ်ထင်ပြီး

လေယာဉ်နဲ့ရော။ ဒရုန်းတွေနဲ့ပါ ဗုံးကြဲတယ်လို့ ထင်တယ်။ လက်နက်ကြီးအသံတွေရော ပစ်ခတ်သံတွေရော တစ်နေကုန်ကြားရတယ်" ဟု ပြောသည်။ 

နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးစခန်း၏အနီးအနားကိုသာမက ယခင် အာရက္ခတပ်တော် (AA)နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့်နတ်ရေကန်တောင်အောက်ဖက် တောင်ကြောတစ်လျှောက်ကိုပါ လေယာဉ်များဖြင့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။  

“ပထမ လက်နက်ကြီးတွေနဲ့ပဒါန်းဘက်က ပစ်ခတ်တယ်။ သိပ်မကြာဘူး။ လေယာဉ်တွေ ရောက်ရှိလာတယ်။

အောက်တိုဘာ ၁ ရက်နေ့ အဖွင့်ပွဲက အရမ်းပြင်းတယ်။ တစ်လလုံး ပြင်းမယ့် အနေအထားမျိုး သုံးသပ်လို့ရတယ်။ စစ်တပ်ကလည်း အကျအဆုံးများပေမယ့် ပြန်ဆုတ်တယ်။ ပြန်တက်တယ်။ အဲသလိုမျိုးဖြစ်နေတာ။ အေအေနဲ့ ဒီဘက်ကတပ်တွေကလည်း နောက်မဆုတ်ဘူး။ ပြန်ထိုးစစ်ဆင်တာ။ သူဦး ကိုယ်ဦးပေါ့။ ချနေကြတာ”ဟု ၎င်းက ပြောသည်။

အကြမ်းဖက် မြန်မာစစ်တပ်သည် လေယာဉ်၊ ဒရုန်းများဖြင့် တိုက်ခိုက်မှုအပြင် ငဖဲ၊ ပဒါန်း၊ ဆုံကုန်းအမြောက်ကြီးတပ်နှင့် ငဖဲကပစ (၁၄)မှ လက်နက်ကြီးများဖြင့်လည်း နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်တည်ရှိရာ အနီးအနားက တောင်ပေါ်များသို့ ပစ်ကူပေးမှုများ ပြုလုပ်သည်ဟု ဆိုသည်။

"ကပစ(၁၄)နဲ့ ဆုံကုန်းအမြောက်တပ်ကလည်း ပစ်။ လေကြောင်းကလည်း ပစ်။ နတ်ရေကန်တောင်ထိပ်ကလည်း ဒရုန်းတွေနဲ့ပစ် တရက်လုံးပွဲဆူတယ်" ဟု ပြောသည်။

လက်ရှိတိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်၏ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်မှ ဆင်းလာသည့် စစ်ကြောင်းနှင့် ယမန်နေ့က ခြေလျင်စစ်ကြောင်းထိုးလာသည့် စစ်ကြောင်းတို့ ပူးပေါင်းကာ တောင်အောက်ဘက်သို့ ထိုးစစ်ဆင်လာရာ အဆိုပါ နေရာအနှံ့တွင် တိုက်ပွဲဖြစ်နေခြင်းဖြစ်ကြောင်း သိရသည်။

နောက်ထပ်စွန်တက် ဒေသခံတစ်ဦးက “AA က လေကြောင်းရန်ကာကွယ်ရေးတပ်ရဲ့ အောက်ကနေ စတိုက်နေပြီလို့လည်း ပြောကြတယ်။ အဲဒါကြောင့် လေကြောင်းရန်ကာကွယ်ရေးတပ်ကနေ အောက်ကိုဆင်းပြီး တိုက်တယ်။ မနေ့ကအင်အားဖြည့်တဲ့ စစ်ကြောင်းတွေပူးပေါင်းပြီး တိုက်ပွဲပြင်းနေတာ” ဟု ပြောသည်။

ယခုရက်ပိုင်း အာရက္ခတပ်တော်(AA)က သိမ်းပိုက်လိုက်သည့် အကြမ်းဖက်စစ်တပ်၏ စစ်စခန်းများမှာ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးစခန်းကို အဓိက ထောက်ကူပို့နေသည့် ကာကင်းစခန်းကုန်းများ ဖြစ်သည့် ဂုတ်ကြီးစခန်းနှင့် စွန်တက်ပတ်ဝန်းကျင်မှ စစ်စခန်းကုန်းများဖြစ်ကြသည်။

ကာကင်းစခန်းအချို့သိမ်းပိုက်ခံရပြီးနောက် အကြမ်းဖက်စစ်တပ်က နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးစခန်းသို့ ခြေလျင်စစ်ကြောင်းနှစ်ကြောင်းအပါအဝင် စစ်ကားအစီး ၂၀ ခန့်ကို စက်တင်ဘာ ၃၀ ရက်နေ့က  အင်အားပြန်လည်ဖြည့်တင်းထားခြင်းဖြစ်သည်။

ယင်းသို့ အသိမ်းခံရပြီးနောက် အကြမ်းဖက်စစ်တပ်ဘက်မှ အင်အားအများအပြား ပြန်လည်ဖြည့်တင်းနေသလို အောက်တိုဘာ ၁ ရက်နေ့ထိ နတ်ရေကန်တောင်ကြောရှိ နေရာအနှံ့အပြားတွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်ဟု သိရသည်။

Photo credit - social media

ရိက္ခာပြတ်ရာမှ ၆၆၆ ပွိုင့်ကုန်းက အတင်းတိုးထွက်လာသော စစ်တပ်စစ်ကြောင်း AA ဆီမှာ ချေမှုန်းခံရ
December 4, 2025
စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် ပွိုင့် ၆၆၆ စခန်းမှထွက်ခွာလာတဲ့ စစ်အုပ်စု စစ်ကြောင်းတစ်ခုကို...
December 3, 2025
မကွေးတိုင်း၊ မင်းတုန်းမြို့တွင် စစ်ရှောင်နေသည့် ရခိုင်လူငယ်သုံးဦးသည် အကြမ်းဖက်စစ်တပ်ထံ...
December 2, 2025
အာရက္ခတပ်တော် (AA)သည် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ သိုင်းချောင်းဆည်နှင့် မင်းပြင် မိုးလေဝသ...