လေးကေကော်မှာ တကျော့ပြန်တိုက်ပွဲတွေကြောင့် စစ်ရှောင်တွေ ထပ်တိုးလာ

လေးကေကော်မှာ တကျော့ပြန်တိုက်ပွဲတွေကြောင့် စစ်ရှောင်တွေ ထပ်တိုးလာ

ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေကော်မြို့မှာ တကျော့ပြန် ပြန်လည်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ဦးရေတွေ ထပ်တိုးလာပြီး စားစရာအကူအညီတွေ လိုအပ်လျက်ရှိနေတယ်လို့ လေးကေကော်လူ ငယ်ကွန်ရက်အဖွဲ့က ထုတ်ပြန်ပါတယ်။

လေးကေကော်မြို့အနီး စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေကြောင့် လေးကေကော်၊ ထီးမယ်ဝါးခီးနဲ့ အနီးဝန်းကျင်ရှိ ကျေးရွာတွေက ဒေသခံတွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်နေ့ကတည်းက ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

နှစ်ဖက်တိုက်ပွဲတွေကြောင့် စစ်ရှောင်စခန်း ၇ ခုထဲမှာ စစ်ရှောင်နေရတဲ့လူဦးရေ ၁၀၀၀ ကျော် ရောက်ရှိလာပြီး စစ်ရှောင်ပြည်သူတွေဟာ မိုးရာသီဖြစ်တဲ့အတွက် အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့နေရတာပါ။

စစ်ရှောင်ပြည်သူတွေဟာ တိုက်ပွဲတွေကြောင့် အကြိမ်ကြိမ်ထွက်ပြေးတိမ်းရှောင်နေခဲ့ရတဲ့အတွက် ဘဝရပ်တည်ရေး၊ စားဝတ်နေရေးအကြပ်အတည်းတွေကို ရင်ဆိုင်နေရသလို ပြန်လည်ထူထောင်ရေးမှာလည်း လိုအပ်ချက်တွေ အများကြီး ရှိနေတယ်လို့ လေးကေကော်လူငယ်ကွန်ရက်အဖွဲ့ဝင် နော်ဂျက်က ပြောပါတယ်။

လေးကေကော်လူငယ်ကွန်ရက်အဖွဲ့ဟာ စစ်ဘေးရှောင်တွေဆီ သွားရောက်ကူညီပေးတာ ၁၀ ကြိမ်ကျော်ရှိပြီဖြစ်ပြီး သွားရောက်ကူညီတဲ့အထဲမှာ အဓိကအနေနဲ့ ဆန် တာလပတ်အမိုးအကာ အစား အစာ ရိက္ခာခြောက် အဝတ်အထည်နဲ့ ခြင်ထောင်တို့လည်း ပါဝင်သလို အရေးပေါ်လိုအပ်ချက်ရှိနေတဲ့ ရေစုပ်စက်နဲ့ အိမ်သာတွေကိုလည်း ကူညီလုပ်ဆောင်ပေးခဲ့တယ်လို့ လေးကေကော်လူငယ်ကွန်ရက်က အသိပေးထားပါတယ်။

ဒါ့အပြင် စစ်ရှောင်ပြည်သူတွေအတွက် လိုအပ်ချက်တွေ ကူညီဆောင်ရွက်မှုတွေမှာ လေးကေကော် လူငယ်ကွန်ရက်တွေနဲ့အတူ လာရောက်ပူးပေါင်းကူညီဆောင်ရွက်နိုင်တယ်လို့ ဖိတ်ခေါ်ထားပါတယ်။

လေးကေကော်မြို့မှာ စစ်ကြောင်းထိုးတိုက်ခိုက်နေတဲ့ စစ်ကော်မရှင်တပ်နဲ့ KNLA ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတို့အကြား စက်တင်ဘာ ၃၀ ရက်နေ့အထိ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ကော်မရှင်တပ်က လက်နက်ကြီးပစ်ခတ်တာတွေလည်း အပြင်းအထန်ပစ်ကူပေးနေတာဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်တပ်ရဲ့ ဒရုန်းဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် လေးကေကော်မြို့အနီးပတ် ဝန်းကျင်ရှိ ဖလူး၊ မင်းလက်ပံကျေးရွာတွေက စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းအဆောက်အဦတွေ ဗုံးထိမှန်ပျက်စီးသွားခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ရဲ့ အဆိုအရ သိရပါတယ်။

ဓာတ်ပုံ-CJ
May 23, 2026
မွန်ပြည်နယ်မှာ စိုက်ပျိုးရေး ကုန်ကျစရိတ် အဆမတန် ကြီးမြင့်လာမှုနဲ့အတူ အလုပ်သမား အခက်အခဲတွေကြောင့်...
May 22, 2026
မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ ဈေးရောင်းပွဲတော် လာရောက်သူတွေကို စစ်တပ်လက်အောက်ခံတွေက ပေါ်တာဆွဲ...
May 21, 2026
မကွေးတိုင်း ပွင့်ဖြူမြို့နယ် အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ရင်းကနေ အာဏာသိမ်း စစ်တပ်ဘက်ကို...
May 20, 2026
မွန်ပြည်နယ်မှာ စစ်တပ် ဦးဆောင်ကျင်းပတဲ့ ရွေးကောက်ပွဲမှာ နေရာအများဆုံး အနိုင်ရရှိထားတဲ့...