ရခိုင်ပြည်နှင့် မကွေးတိုင်းအစပ် ရိုးပေါ်တွင် ကာကင်းစခန်းအချို့သိမ်းပိုက်ခံရပြီးနောက် အကြမ်းဖက်စစ်တပ်က နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးစခန်းသို့ ခြေလျင်စစ်ကြောင်း နှစ်ကြောင်းအပါအဝင် စစ်ကားအစီး ၂၀ ခန့်ဖြင့် အင်အားပြန်လည်ဖြည့်တင်းနေကြောင်း သတင်းရရှိသည်။
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်း၊ ငဖဲမြို့နယ် အမ်း-ပဒါန်းရိုးလမ်းပေါ်ရှိ အကြမ်းဖက်စစ်တပ်၏ ကာကင်းစခန်းအချို့သိမ်းပိုက်ခံရပြီးနောက် နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်းသို့ ပဒါန်းရှိ ဆုံကုန်းအမြောက်ကြီးတပ်နှင့် ငဖဲအပိုင် ဇင်ပြွန်းတောင်ဖက်မှ ခြေလျင်စစ်ကြောင်းနှစ်ကြောင်းနှင့် စစ်ကားအစီး ၂၀ ခန့်ဖြင့် အင်အားအများအပြား ဖြည့်တင်းနေသည်ဟု စစ်ရေးသတင်းရင်းမြစ်က နိရဉ္စရာကို ပြောသည်။
"ခြေလျင်စစ်ကြောင်းက ကပစ ၁၄ ဖက်က တစ်ကြောင်း၊ ကားလမ်းဘယ်ညာ တစ်ကြောင်း ခွဲပြီးတက်တယ်။ စစ်ကားကတော့ အစီး ၂၀ လောက်တက်တယ်။ စစ်ကားပေါ်မှာလည်း လက်နက်အင်အား၊ လူအင်အား အပြည့်ပါတယ်။ သူတို့ရဲ့အဓိကထောက်ကူပေးတဲ့ စခန်းတချို့ အခုရက်ပိုင်းကျထားတယ်လေ။ ပြန်လည်ထ ိုးစစ်ဆင်ဖို့ပဲဖြစ်မှာပါ" ဟု ပြောသည်။
ယခုရက်ပိုင်း အာရက္ခတပ်တော်(AA)က သိမ်းပိုက်လိုက်သည့် အကြမ်းဖက်စစ်တပ်၏ စစ်စခန်းများမှာ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်းကို အဓိက ထောက်ကူပို့နေသည့် ကာကင်းစခန်းကုန်းများ ဖြစ်သည့် ဂုတ်ကြီးစခန်းနှင့် စွန်တက်ပတ်ဝန်းကျင်မှ စစ်စခန်းကုန်းများဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက နိရဉ္စရာကို ပြောဆိုထားသည်။
သိမ်းပိုက်ထားသည့် ကာကင်းစခန်းကုန်းအချို့မှ လက်နက်ခဲယမ်းအချို့နှင့် အကြမ်းဖက်စစ်တပ်၏ အလောင်းများကိုလည်း AA က သိမ်းဆည်းရမိထားပြီး လက်နက်ချ အလင်းဝင်သူများလည်း ရှိသည်ဟု သိရသည်။
ယင်းသို့ အသိမ်းခံရပြီးနောက် အကြမ်းဖက်စစ်တပ်ဘက်မှ အင်အားအများအပြားပြန်လည်ဖြည့်တင်းနေသလို ယနေ့ စက်တင်ဘာ ၃၀ ရက်နေ့တွင်လည်း နတ်ရေကန်တောင်ကြောရှိ နေရာအနှံ့အပြားတွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်ဟု သိရသည်။
AA သိမ်းထားသည့် ကာကင်းစခန်းကုန်းများနှင့် နေရာအချို့ကိုလည်း အကြမ်းဖက်စစ်တပ်က လေကြောင်းနှင့် လက်နက်ကြီးကျည် ပစ်ကူတို့ဖြင့် ပစ်ခတ်တိုက်ခိုက်နေသည်ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကို ပြောသည်။
“နတ်ရေကန်လေကြောင်းကာကွယ်ရေးတပ်အနီးအနားတွေ၊ ပြီးရင် တခြား နတ်ရေကန်တောင်ကြော တစ်လျှောက် ကြိုကြားကွက်ကြားတချို့မှာ တိုက်ပွဲတွေတော့ရှိတယ်။ သူတို့ထိုးတက်လာရင် AA က တိုက်တယ်။ သူတို့လည်း ရတဲ့နေရာက ရသလို ထိုးတက်တယ်။ လက်နက်သံကတော့ မစဲဘူး" ဟု ပြောသည်။
ရခိုင်ပြည်၊ တောင်ကုတ်နှင့် အမ်းမြို့နယ်များအတွင်းသို့ ပြန်လည်ဝင်ရောက်နေရယူနိုင်ရန် စစ်ရေး မျှော်မှန်းချက်ဖြင့် တောင်ကုတ်-ပန်းတောင်းရိုးတောင်ကျော်လမ်းနှင့် အမ်း-ပဒါန်း ရိုးတောင် ကျော်လမ်းများမှ အကြမ်းဖက် စစ်တပ်က အင်အားထောင်နှင့် ချီဖြည့်တင်းကာ လေကြောင်းပစ်ကူမှုများဖြင့် ထိုးစစ်ဆင် တိုက်ခိုက်နေသည်။
အာရက္ခဒေသအတွင်း တိုက်ပွဲများနှင့်ပတ်သက်ပြီး အာရက္ခဒေသအစပ် (၃) နေရာဖြစ်သော ရခိုင်-မကွေးအစပ်၊ ရခိုင်-ပဲခူးအစပ်နှင့် ရခိုင်-ဧရာဝတီအစပ်တို့တွင် ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများ၌ ဖက်ဆစ်အကြမ်းဖက် စစ်ကော်မရှင်တပ်သည် အထိအခိုက်အကျအဆုံးများစွာနှင့်ရင်ဆိုင်နေရပြီး တပ်ပျက်လျက်ရှိကြောင်း AA က ယမန်နေ့ စက်တင်ဘာ ၂၉ ရက်နေ့က ထုတ်ပြန်ဖော်ပြသည်။
ယင်းအပြင် အကြမ်းဖက်စစ်တပ်၏ အတင်းအဓမ္မစုဆောင်းခြင်းခံရသော တပ်ဖွဲ့ဝင်များမှာ တိုက်ခိုက်လို စိတ်မရှိဘဲ ရှေ့တန်း၊ နောက်တန်းများတွင် အခွင့်ရလျှင်ရသလို တပ်ပြေးခြင်း၊ မိမိတို့ထံ ဘက်ပြောင်းခြင်း၊ အလံဖြူထောင်ဝင်ရောက်ခြင်းတို့မှာ နေ့တိုင်းဖြစ်ပျက်လျက်ရှိသည်ဟုလည်း AA က ဆိုထားသည်။







