ကျောက်မဲမြို့အနီး ၃ မိုင်အကွာ တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် အဆိပ်ဗုံးကြဲဟု TNLA ပြော

ကျောက်မဲမြို့အနီး ၃ မိုင်အကွာ တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် အဆိပ်ဗုံးကြဲဟု TNLA ပြော

သျှမ်းပြည် ကျောက်မဲမြို့အနီး ၃ မိုင်ခန့်အကွာအဝေးတွင် စစ်ကော်မရှင်တပ်နှင့် TNLA တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကော်မရှင်တပ်မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။

ယနေ့ (စက်တင်ဘာလ ၂၉ ရက်) နေ့လယ်ပိုင်းတွင် စစ်ကော်မရှင်တပ်နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့၏ ကျောက်မဲမြို့နယ်အတွင်း ဖြစ်ပွားနေသည့် မြေပြင် ထိတွေ့တိုက်ပွဲသည် မြို့နှင့် ၃ မိုင်ခန့် အကွာအဝေးသို့ နီးကပ်လာပြီး စစ်ကော်မရှင်တပ်မှ ခိုမုန်းရွာအတွင်းသို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။

“တိုက်ပွဲက လုံဝယ်ရွာနားက CP တောင်ကုန်းကနေ နမ့်ဟူးဘက်ထိ ဖြစ်နေတယ်။ ကျောက်မဲမြို့နဲ့ ၃ မိုင် ၄ မိုင်လောက်ပဲ ဝေးတော့တယ်။ အားလုံးတော့ သတိထားပြီး နေရတယ်။ တချို့လည်း ပစ္စည်းသိမ်းပြီး ရှောင်ကြပြီ။ ဒီနေ့လယ် ခိုမုန်းရွာ အနောက်ဘက်ရပ်ကွက်ထဲ ဒရုန်းနဲ့ ဗုံးကြဲခံရတာ လေးလုံး ငါးလုံးရှိပြီ”ဟု ကျောက်မဲဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တိုက်ပွဲပြင်းထန်နေသည့် ကျောက်မဲမြို့နယ် လုံဝယ်ကျေးရွာတွင် စစ်ကော်မရှင်တပ်သည် လေကြောင်းဖြင့် ဗုံး (၃၀) လုံးနှင့် အဆိပ်ငွေ့ဗုံး (၃) လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ပြီး ကျေးရွာအတွင်း ဝင်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဘက်မှ ယမန်နေ့ (စက်တင်ဘာလ ၂၈ ရက်)တွင် သတင်းထုတ်ပြန်သည်။

စစ်ကော်မရှင်တပ်၏ အဆိပ်ငွေ့ဗုံး ကြဲချမှုကြောင့် TNLA တပ်သားများ မူးဝေခြင်း၊ အော့အန်ခြင်း၊ မအီမသာဖြစ်ခြင်း၊ မောပန်းခြင်း၊ အသက်ရှူမြန်ဆန်ခြင်း လက္ခဏာများ ဖြစ်ပေါ်စေခဲ့ပြီး လက်ရှိ ဆေးရုံတွင် TNLA တပ်သား (၃) ဦး ဆေးကုသမှုခံယူနေရကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၆ ရက်တွင် စစ်ကော်မရှင်တပ်သည် ကျောက်မဲမြို့နှင့် (၇) မိုင်ခန့်သာ ကွာဝေးသည့် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ စခန်းသာကျေးရွာကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပုံနှင့်တကွ မျှဝေထားသည်။

အလားတူ စက်တင်ဘာလ ၂၇ ရက်တွင် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့နယ်အတွင်းရှိ နမ့်ဆော့ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ်မှ လေကြောင်းဖြင့် ပေါင်(၂၅၀) ဗုံး တစ်လုံးနှင့် လက်နက်ကြီး (၆) လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသားတစ်ဦး ခြေထောက်ထိမှန် ဒဏ်ရာရရှိခဲ့ပြီး ပြောင်းဖူးခင်းများ ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့အပြင် မိုင်းလုံမြို့အနီး ပန်သပြေကျေးရွာကိုလည်း စစ်ကော်မရှင်တပ်မှ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေကြောင်းဖြင့် ပေါင် (၅၀၀) ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခြင်းကြောင့် ရှေးဟောင်းဘုန်းကြီးကျောင်းနှင့် နေအိမ် (၂၀) အိမ် ထိမှန်ပျက်စီးသွားခဲ့ကြောင်း TNLA ဘက်မှ ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော်။
September 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လာမည့် အောက်တိုဘာလ၌ ကျင်းပမည့်...
ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲပုံ။ / (ဓါတ်ပုံ - CINCDS Myanmar)
September 10, 2026
စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်းအတွင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှုများ...
သိန္နီမြို့နယ်အတွင်း ယမ်းပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ / Crd
September 8, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် စက်တင်ဘာလ ၈ ရက် နံနက်အစောပိုင်းက...
မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် တာချီလိတ်မြို့အတွင်း ရေဝင်ရောက်နေမှု / Crd
September 8, 2026
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့်...