ခန္တီးမှာ စစ်တပ်က သက်ကြီးပိုင်းပါမကျန် ပေါ်တာဆွဲနေ

ခန္တီးမှာ စစ်တပ်က သက်ကြီးပိုင်းပါမကျန် ပေါ်တာဆွဲနေ

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခန္တီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က အရပ်ဝတ်တွေနဲ့ ပေါ်တာဆွဲ ဖမ်းဆီးနေတာကြောင့် လူကြီးလူငယ်မရွေးတိမ်းရှောင်နေရတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

ခန္တီးမြို့အထိုင်တပ်ဖြစ်တဲ့ ခလရ ၅၂ တပ်က ယခုရက်ပိုင်း ခန္တီး – လဟယ် ကားလမ်းပိုင်းရှိ ကျေးရွာတွေမှာ အိမ်စီးကားသုံးပြီး ပေါ်တာဆွဲနေတာကြောင့် ကျေးရွာနေပြည်သူများ သက်ကြီး၊ လူငယ်မရွေး တိမ်းရှောင်နေရတယ်လို့ ခန္တီးမြို့ခံအမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။

“အဓိကတော့လူငယ်တွေကိုပစ်မှတ်ထားတယ် ဒါပေမယ့် အသက်ကြီးပိုင်းတွေလည်း အားကောင်း မောင်းသန်ဆိုရင်တော့ ဖမ်းနေတယ်။ အဲ့ကြောင့် တစ်ချို့ရွာတွေဆို အမျိုးသားတွေ မရှိသလောက် ရှောင်နေရတယ်” လို့ အသက် ၃၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသားကဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ခန္တီး၊ လဟယ်ဘက်အရပ်သားတွေကို ဖမ်းဆီးမှု ၂၀၂၄ နှစ်ဆန်းပိုင်းကစ ခပ်စိပ်စိပ် လုပ်လာခဲ့ပေမယ့် လူငယ်တွေကိုသာ အဓိကပစ်မှတ်ထားဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ခုနောက်ပိုင်း လူငယ်အများစုဘေးလွတ်ရာကိုတိမ်းရှောင်သွားတဲ့အတွက် အခုနောက်ပိုင်း သက်ကြီးပိုင်း၊ အိမ်ထောင်သည်တွေကိုပါပစ်မှတ်ထားဖမ်းဆီးလာနေတာလို့သိရပါတယ်။

“သူတို့လက်လှမ်းမှီသလောက်ရွာတွေကလူငယ်တွေမရှိတော့ဘူးလေး။ အဲ့ကြောင့် အခုက လူကြီး လူငယ်မရွေးတော့ဘူး။ အကုန်ဖမ်းနေတယ်။”လို့ အထက်ဖော်ပြပါ အမျိုးသားက ဆက်ပြောပါတယ်။

အခုလိုဖမ်းဆီးရာမှာ အသက် ၁၈ နှစ်ကနေ အသက် ၄၀ ကျော်အထိလိုက်လံဖမ်းဆီးနေတယ်လို့သိရပြီး အသက်မပြည့်သေးတဲ့လူငယ်တွေဖမ်းဆီးခံရတာမျိုးရှိခဲ့ပေမယ့်ပြန်လည်လွှတ်ပေးတယ်လို့သိရပါတယ်။

လက်ရှိမှာတော့ ခန္တီးမြို့လမ်းပိုင်း ဘေးဝဲယာရွာတွေဖြစ်တဲ့ ဆင်သေ၊ရေဒေါင်၊ လင်းဖားစတဲ့ရွာတွေအပါ ရွာပေါင်း ၁၀ ရွာနီးက လူကြီးပိုင်းနဲ့လူငယ်ပိုင်းအရွယ်တွေဟာ စက်တင်ဘာ ၁၅ ရက်နေ့ စတင်တိမ်းရှောင်နေရကြောင်း သိရပါတယ်။

ထွက်ပြေးတိမ်းရှောင်လာတဲ့ အရပ်သားတွေကို ခန္တီးမြို့နယ် ပ.က.ဖ အဖွဲ့ကဘေးလွတ်ရာကို ကူညီ ကယ်ထုတ်ပေးတာတွေလည်း ရှိနေကြောင်း သိရပါတယ်။

လေရှီး၊လဟယ်မြို့နယ်တွေဟာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲ မှာပါဝင်ပြီး လက်ရှိ ယင်းမြို့နယ်တွေမှာ NSCN-K (အန်းမိုင်း) အဖွဲ့က စိုးမိုးထားတာဖြစ်ပါတယ်။

လေရှီး၊လဟယ်ဒေသတွေမှာ စိုးမိုးထားတဲ့ NSCN-K အန်းမိုင်းအဖွဲ့ဟာ လက်ရှိစစ်ကောင်စီတပ်နဲ့ နားလည်မှု ယူထားတာဖြစ်ပြီး NSCN-K စိုးမိုးနယ်မြေထဲမှာ စစ်ကောင်စီတပ်အနေနဲ့ စစ်မှုထမ်းခေါ်ဆောင်ရာမှာ ဥပဒေအတိုင်း လုပ်ဆောင်ဖို့နဲ့ ဥပဒေထက်ကျော်လွန်ပြီး မလုပ်ဆောင်ဖို့ကိုလည်း သတိပေး ထုတ်ပြန်တာမျိုး ရှိခဲ့ပါတယ်။

မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးသုံးစွဲနေတဲ့ တစ်ချို့လမ်းကြားနေရာတွေမှာတွေ့ရစဉ်။
May 20, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတွေကို...
May 19, 2026
လေယာဉ်လက်မှတ် အခက်အခဲကြောင့် မြစ်ကြီးနားမြို့ မှ ရန်ကုန်၊ မန္တလေးမြို့တွေမှာ ဆေးသွားကုသရမယ့်...
May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...