ကန်ပက်လက်မြို့ကို ၁ လအတွင်း ၂ ကြိမ် လေကြောင်းက ဗုံးကြဲ

ကန်ပက်လက်မြို့ကို ၁ လအတွင်း ၂ ကြိမ် လေကြောင်းက ဗုံးကြဲ

ချင်းပြည်နယ် ၊ ကန်ပက်လက်မြို့နယ်ကို စစ်ကော်မရှင်တပ်က တလအတွင်း လေကြောင်းမှ ဗုံးနှစ်ကြိမ်ကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံကာကွယ်ရေး ချင်းကာကွယ်ရေးတပ်ဖွဲ့ -ကန်ပက်လက် (CDF – Kanpetlet) ထံကသိရသည်။

ကန်ပက်လက်မြို့နယ် ၊ တိုက်နယ် အမှတ်(၅) အတွင်းရှိ ခါးပန်းကျေးရွာကို ယမန်နေ့(စက်တင်ဘာလ ၁၀ ရက်) ည ၁၂နာရီခန့်နှင့် ကန်ပက်လက်မြို့ပေါ်ကို ဩဂုတ်လ ၁၇ရက်နေ့များက စစ်ကော်မရှင်တပ်က လေကြောင်း မှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ဂျက်ဖိုက်တာတစီးနဲ့ ပေါင် ၅၀၀ဗုံး နှစ်ကြိမ်ကြဲသွားတာပါ ၊ ကျနော်တို့ရဲဘော်တွေရှိမယ်ထင်လို့ တိုက်ခိုက်တာဖြစ်နိုင်သလို ပြည်သူတွေကို အဓိကပစ်မှတ်ထားဦးတည်တိုက်ခိုက်တာဖြစ်နိုင်ပါတယ်” ဟု CDF -Kanpetlet ပြောရေးဆိုခွင့်ရှိသူ ပီတာသန်းရွှေက မဇ္ဈိမ ကိုပြောသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းဆောင် နှစ်ဆောင် လုံးလုံးပျက်စီးသွားပြီး ဒေသခံတဦး လက်တွင် ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းကဆိုသည်။

စစ်ကော်မရှင်တပ်သည် ၎င်းတို့ ဆုံးရှုံးသွားသည့် နယ်မြေများရှိ ပြည်သူများကို အကြောက်တရား ရိုက်သွင်းရန် ရည်ရွယ်၍ လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်ကြောင်း CDF – Kanpetlet ပြောရေးဆိုခွင့်ရှိသူက ဆက် လက်ပြောဆိုသည်။

ကန်ပက်လက်မြို့ပေါ်ကို ဩဂုတ်လ ၁၇ရက်နေ့က ဗုံးကြဲမှုတွင် ဒေသခံများ အချိန်မီရှောင်တိမ်းနိုင်သဖြင့် ထိခိုက်မှုမရှိခဲ့သော်လည်း လူနေအိမ် ၂၀ ခန့် ပျက်စီးသွားခဲ့ကြောင်းသိရသည်။

ချင်းပြည်နယ်သို့ စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးလာနိုင်သဖြင့် မကွေးတိုင်းနှင့် ဆက်စပ်နေသော ကန်ပက်လက်မြို့နယ်အတွင်းရှိ ဆွဲလွဲကျင်း – ကျင်ဒွေး၊ ဆော – ကန်ပက်လက်လမ်းများကို လုံခြုံရေး နှင့် စစ်ရေးအရ CDF – Kanpetlet က ဩဂုတ်လ ၂၀ရက်နေ့မှ စတင်ပိတ်ခဲ့ရာ စက်တင်ဘာလ ၁၁ရက် ယနေ့တိုင်ပြန်လည်ဖွင့်လှစ်ခြင်းမရှိသေးကြောင်းသိရသည်။

သို့သော် ကျန်းမာရေး ၊ သာရေးနာရေးနှင့် အရေးပေါ်အခြေနေများတွင် တာဝန်ရှိသူများကို ဆက်သွယ်အကြောင်း ကြားပြီး သွားလာခွင့်ပြုနေကြောင်း ကန်ပက်လက်မြို့နယ်တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူ ကပြောသည်။

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို ချင်းညီနောင်အဖွဲ့က တိုက်ခိုက်သိမ်းပိုက်ရန်ပြင်ဆင်နေစဉ် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက် ည ၁၂ နာရီတွင် စစ်ကော်မရှင်လက်အောက်ခံ လက်နက်ကိုင် စစ်သားနှင့်ရဲများ ထွက်ပြေးသွားသဖြင့် မြို့ကို ချင်းတော်လှန်ရေးတပ်ဖွဲ့က ထိန်းချုပ်ထားပြီးနောက် ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်လျက်ရှိသည်။

အချိန်မရွေး စစ်ကော်မရှင်တပ်ဘက်မှ ထိုးစစ်ဆင်လာနိုင်သဖြင့် စစ်ရေးသတိရှိရှိ ကြိုတင်ပြင်ဆင်ထားကြရန်နှင့် အချိန်နေရာမရွေး တိုက်ခိုက်လာနိုင်သည့် လေကြောင်းအန္တရာယ်မှ ကာကွယ်ရန် ဗုံးခိုကျင်း ၊ ကတုတ်ကျင်းများတူး၍ သတိရှိရှိနေထိုင်ကြရန် ကန်ပက်လက်မြို့နယ်အတွင်းရှိ ပြည်သူ များကို သတိပေးထားသည်။

တော်လှန်ပြည်သူများ၏ ချွေးနှဲစာအလှူငွေများစွာဖြင့် ပံ့ပိုးခဲ့ပြီး၊ ရဲဘော်များမှ အသက်၊သွေး၊ ချွေးများစွာဖြင့် ပြန်လည်သိမ်းပိုက်ရယူခဲ့သော လွတ်မြောက်နယ်မြေများကို ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် အရေးပေါ် ကျည် ၂၀,၀၀၀ ကမ်ပိန်းကို စက်တင်ဘာ ၈ရက်မှ နိုဝင်ဘာလ ၈ရက်နေ့ အတွင်း ပြုလုပ်လျက်ရှိရာ တတ်နိုင်သည့်ဖက်မှ ဆက်လက်ပံ့ပိုးကူညီပေးကြပါရန် CDF – Kanpetlet က မေတ္တာရပ်ခံထားသည်။

Photo - CDF – Kanpetlet

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...