စစ်ပွဲဖြစ်နေသဖြင့် အလုပ်အကိုင်ရှားပါး၍ စီးပွားရေးကျပ်တည်းနေသည့် ရခိုင်ပြည်တွင်းမှ အမျိုးသမီးငယ်များ အပါအဝင်ရန်ကုန်ရောက် ရခိုင်အမျိုးသမီးငယ်များအား တရုတ်တွင် အလုပ်ရမည်ဟု ဖြားယောင်းကာ တရုတ်မယားအဖြစ် ရောင်းစားမှုများရှိနေကြောင်း ခိုင်လုံသည့် သတင်းရင်းမြစ်များမှ တစ်ဆင့်သိရသည်။
ရခိုင်ပြည်တွင်းက သတင်းရင်းမြစ်တစ်ခု “စားဝတ်နေရေးကျပ်တည်းလာတာအခွင့်ကောင်းယူပြီး ဒေသအတွင်းက ပွဲစားတချို့ ရခိုင်က နယ်ဒေသခံအမျိုးသမီးငယ်တွေကို အလုပ်ရမယ်ဆိုပြီးတရုတ်ကို ခေါ်သွားကာ တရုတ်ဇနီးမယား ပြုလုပ်ဖို့ ရောင်းချနေကြပါတယ်” ဟု ပြောသည်။
ရခိုင်ပွဲစားတချို့မှနယ်ဒေသခံအမျိုးသမီးငယ်များအား လူတစ်ဦးလျှင် သိန်း(၁၀၀) ခရီးစရိတ်သတ်မှတ်ပြီး အကြွေး (တရုတ်ရောက်မှငွေပေးချေ) စနစ်ဖြင့် ရခိုင်ပြည်ပြင်ပသို့ ခေါ်ထုတ်ကာ ရောင်းစားနေသည်ဟု ဒေသခံပွဲစားနှင့် နီးစပ်သူအမျိုးသမီးတစ်ဦးက နိရဉ္စရာကို ပြောသည်။
“ကျောက်ဖြူမြို့ကတစ်ဆင့် ပွဲစားတချို့က နယ်ဖက်ကိုရေကြောင်းနဲ့ သွားတယ်။ စစ်တပ်နေဗီတွေကို ပိုက်ဆံပေးရင် သွားလို့ရတယ်။ ပြီးတော့ ကျောက်ဖြူနယ်ကရော၊ အမ်းဖက်မြေပုံဖက်က အမျိုးသမီးငယ်တွေကို ခေါ်ထုတ်ပြီး မြို့ကို ခေါ်လာတယ်။ ရခိုင်ရော၊ ချင်းရော၊ တခြားမျိုးနွယ်စုတွေရော ပါတယ်။ တစ်ယောက်ကို သိန်းတစ်ရာအကြွေးစနစ်နဲ့ ပြည်ပမှာ အလုပ်ရမယ်ဆိုပြီးခေါ်တာ” ဟု ပြောသည်။
၎င်းအမျိုးသမီးငယ်များမှာ အသက် ၁၈ နှစ်အောက်အရွယ်များလည်းပါဝင်ပြီး ကျောက်ဖြူကနေ လေကြောင်းဖြင့် ခေါ်ထုတ်သလိုတစ်ခြား မှောင်ခိုလမ်းကြောင်းများမှ ခေါ်ထုတ်ကာ မန္တလေးတွင်စုရပ်သတ်မှတ်ပြီး တရုတ်သို့ ပို့ဆောင်ကာ တရုတ်ဇနီးမယားအဖြစ် ရောင်းစားခြင်းခံနေရသည်ဟု ပြောသည်။
“ဟိုတလောက သွားတဲ့ အန်တီတို့ အိမ်နားက မိန်းကလေးဆိုရင် တရုတ်ပြည်ရောက်လို့ အိမ်ကို ပိုက်ဆံတောင် ထည့်ပေးတယ်။ တချို့ကတော့ မိသားစုစားဝတ်နေရေးကြောင့် သိသိရက်နဲ့ လုပ်ရတာမျိုး ရှိတာပေါ့။ ပြန်လာဖို့ကလည်း အဆင်မပြေကြဘူးလေ။ တဖက်က အရမ်းသနားဖို့ကောင်းကြတယ်။ ဘုမသိ၊ ဘမသိ အရောင်းခံကြရတာ။ နယ်ခံက မိန်းကလေးတွေဆို ပိုဆိုးတယ်။ အလုပ်လုပ်ချင်လို့ သွားကြတာ” ဟု ပြောသည်။
ယခု ဩဂုတ်နောက်ဆုံးပတ်ကလည်း အကြမ်းဖက်စစ်တပ်နှင့် ပူးပေါင်းလုပ်စားနေသည့် ပွဲစားများက နယ်ခံ အမျိုးသမီးငယ်များအပါအဝင် အမျိုးသား (၅၀)နီးပါးကို ကျောက်ဖြူလေဆိပ်မှတဆင့် ပြည်မဖက်သို့ ပို့ဆောင်ခဲ့ပြီး နောက်ထပ်လည်း သွားရောက်ခေါ်ယူနေသေးကြောင်း ပွဲစားများနှင့် နီးစပ်သူများက ပြောသည်။
ရန်ကုန်မြို့နေပြည်သူတစ်ဦးကလည်း ရန်ကုန်တွင် အလုပ်အကိုင်ရှားပါး၍ စားဝတ်နေရေး ခက်ခဲနေသော ရခိုင်အမျိုးသမီးငယ် ၁၂ ဦးကို ကျောက်တော်မှ ရန်ကုန်တွင် အခြေချ နေထိုင်နေသည့် လူပွဲစားတစ်ဦးက အလုပ်အကိုင်ရမည်ဟု တရုတ်သို့ ခေါ်ဆောင်သွားပြီး တရုတ်သားမယားအဖြစ် ရောင်းချခဲ့သည်ဟု ပြောသည်။
“အများဆုံးက စစ်တွေ၊ သံတွဲ၊ ရမ်းဗြဲ၊ မြောက်ဦးဖက်တွေကလို့ ပြောလာပါတယ်။ စုစုပေါင်း ၁၂ ယောက်။ အသက် ၁၉ နှစ်က၂၆ နှစ်ထိ ပါတယ်လို့ ပြောပါတယ်။ ပိုက်ဆံဘယ်လောက်နဲ့ ရောင်းစားတာတော့ မသိဘူး။ တရုတ်ရောက်မှ ဒီလိုရောင်းစားခံရတယ်ဆိုတာ ဖုန်းဆက်လာလို့ သိရတာ”ဟု ပြောသည်။
ရန်ကုန်ရောက် ရခိုင်နှင့်တခြားအမျိုးသမီးများကို “ တရုတ်တွင် အလုပ်သွင်းပေးမယ်။ အလုပ်ကောင်းကောင်းရမယ်။ ကုန်ကျစရိတ် အရင်ပေးစရာမလိုဘူး” စသဖြင့် ဖြားယောင်း ခေါ်ဆောင်ပြီး တရုတ်မယားများအဖြစ် ရောင်းစားခံနေရသဖြင့် မိန်းခလေးငယ်များအနေဖြင့်လည်း အထူးသတိထားရန် လိုအပ်သည်ဟု၎င်းက ပြောဆိုသည်။







