မွန်ပြည်နယ်မှာ ရွေးကောက်ပွဲမတိုင်မီ စစ်ကော်မရှင် လုံခြုံရေးတိုးမြှင့်

မွန်ပြည်နယ်မှာ ရွေးကောက်ပွဲမတိုင်မီ စစ်ကော်မရှင် လုံခြုံရေးတိုးမြှင့်

မွန်ပြည်နယ်က မြို့နယ်အများစုမှာ အာဏာသိမ်းစစ်ကော်မရှင်က သူတို့ကျင်းပပြုလုပ်မယ့် အထွေထွေ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ လုံခြုံရေးအင်အား ထပ်မံတိုးမြှင့်ပြီး ပိတ်ဆို့စစ်ဆေးမှုတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒေသတွင်းမှာတော့ စစ်ကော်မရှင် လက်အောက်ခံတွေ ဖြစ်တဲ့ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်အဖွဲ့ဝင်တွေအပြင် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်တွေကို လုံခြုံရေး အကြောင်းပြချက်နဲ့ အင်အား အများအပြား အသုံးပြုလာတာပါ။

အင်အားတိုးမြှင့်ထားတဲ့ တပ်ဖွဲ့ဝင်တွေဟာ လုံခြုံရေး အင်းအားပြ လှည့်လည်တာ၊ လူစည်ကားရာ နေရာတွေနဲ့ မထင်မှတ်တဲ့ နေရာတွေမှာ ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေအပြင် မြို့ဝင်၊ မြို့ထွက်တွေကအစ ပိုက်စိပ်တိုက် စစ်ဆေးနေတာ ဖြစ်ပါတယ်။

အမည်မဖော်လိုတဲ့ မွန်ပြည်နယ် ဒေသခံတစ်ဦးက စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ လုံခြုံရေး အင်အားရရှိဖို့အတွက် ဒေသတွင်းက ဆိုးသွမ်းသူတွေကို ခေါ်ယူပြီး ပြည်သူတွေကို နှိပ်ကွပ်တာ၊ ခြိမ်းခြောက်တာ အပြင် နည်းမျိုးစုံနဲ့ ဒုက္ခပေးလာတယ်လို့ ပြောပါတယ်။

“ရွေးကောက်ပွဲအတွက် လုံခြုံရေးဆိုပြီးတော့ ပြည်သူ့စစ်တွေထဲ ခေါ်ထည့်နေတယ်။ ဘယ်လို ဖြစ်လည်းဆို ကျေးရွာ အော်ကြောလန်တွေပေါ့။အဲဒီလူတွေက ပြည်သူ့စစ်ထဲကို တော်တော်များများ ရောက်ကုန်ပြီ။ ပြည်သူ့စစ်ထဲ ရောက်ပြီးတော့ ပြည်သူကပြည်သူကို ပြန်ပြီးတော့ နှိပ်ကွပ်လာတယ်။ ခြိမ်းခြောက်လာတယ်။ လုပ်ချင်ရာတွေ လုပ်လာတယ်။ အခုလမ်းသွားလမ်းလာပြည်သူတွေကို နည်းမျိုးစုံနဲ့ ဒုက္ခပေးလာတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကော်မရှင် လက်အောက်ခံတပ်ဖွဲ့ဝင်တွေဟာ အခုနောက်ပိုင်း အင်းအားအများအပြား အသုံးပြုပြီး ဧည့်စာရင်းစစ်ဆေးတာ၊ မသင်္ကာတဲ့ လူငယ်တွေကို တွေ့ရှိပါက ဆဲဆိုရိုက်နှက်တာတွေအပြင် ထွက်ပြေးပါက နေအိမ်တွေအထိ လိုက်လံဖမ်းဆီးတာတွေကအစ ဆိုးဆိုးရွားရွား ပြု လုပ်လာတယ်လို့ သူက ဆက်ပြောပါတယ်။

ဒေသတွင်းမှာတော့ စစ်ကော်မရှင်က လုံခြုံရေးအကြောင်းပြချက်နဲ့ အင်အားအများအပြား အသုံး ပြုပြီး ထင်တိုင်းကြဲနေတာကြောင့် လူငယ်အများစု ညဘက်အပြင်သွားလာဖို့တောင် စိုးရိမ်နေရသလို လမ်းသွားရင်တောင် မလုံခြုံတော့ဘူးလို့ ဆိုကြပါတယ်။

မွန်ပြည်နယ်မှာ စစ်ကော်မရှင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြို့နယ် ၁၀ ခုလုံးကို မဲဆန္ဒ နယ်မြေအဖြစ် သတ်မှတ်ထားပြီး ရွေးကောက်ပွဲအပိုင်း(၁) အဖြစ် ကျိုက်ထို၊ သထုံ၊ မော်လမြိုင်၊ ချောင်းဆုံနဲ့ ကျိုက်မရောမြို့နယ်တို့မှာ ကျင်းပသွားဖို့ စီစဉ်ထားပါတယ်။

February 14, 2026
တော်လှန်ရေးခရီးဟာ ၅ နှစ်တာကာလကို ရောက်ရှိလာပြီဖြစ်လို့ အားလုံးဟာ ခရီးပန်းမှုဒဏ်ကို...
February 13, 2026
ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် ဖလူး၊ မင်းလက်ပံနယ်မြေဒေသထဲမှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲအတွင်း...
February 12, 2026
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျောက်ရေတွင်းကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်...
February 12, 2026
The junta has reportedly been burning and destroying documents linked to the 2020 election,...