ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် ထောင်အာဏာပိုင်များက နိုင်ငံရေးအကျဉ်းသူ ရှစ်ဦးကို အကြောင်းပြချက် ခိုင်လုံမှုမရှိဘဲ တိုက်ပိတ်လိုက်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးကွန်ရက် (PPNM)က ထုတ်ပြန်သည်။
တိုက်ပိတ်ခံလိုက်ရသည့် နိုင်ငံရေးအကျဉ်းသူ ရှစ်ဦးမှာ မနိုဗာနီနီထွေး၊ ဒေါ်နုနုအောင်၊ မညိုညိုဝင်း၊ ခင်ရတနာဝင်း၊ မမြသန္တာအောင်၊ မအေးအေးဝင်း၊ မချယ်ရီထွေးနှင့် မစုနန္ဒာလှိုင်တို့ဖြစ်ကြသည်ဟု ဆိုသည်။
ပြီးခဲ့သည့် ဇူလိုင်လ (၂၃)ရက်နေ့တွင် အမျိုးသမီး(မေခ)အဆောင်၏ အခန်း(၁)အား အကျဉ်းဦးစီးဝန်ထမ်းများက တရားမဝင်ပစ္စည်းများရှိမရှိ ရှာဖွေရေးဝင်ရာတွင် နိုင်ငံရေးအကျဉ်းသူ မနိုဗာနီနီထွေး၏ နေရာအနီး၌ ဖုန်းဘတ္ထရီတစ်ခုတွေ့သည်ဟုဆိုကာ တိုက်ပိတ်လိုက်ခြင်းဖြစ်သည်ဟု PPNM ၏ ယနေ့ သြဂုတ်လ ၂၅ ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သို့သော် အဆိုပါသိမ်းဆည်းရရှိသည်ဆိုသည့် ပစ္စည်းကို တရားဝင်ပြသခြင်းမရှိသည့်အပြင် မနိုဗာနီနီအေး၏ လက်ဝယ်အတွင်းမရှိဘဲ ရည်ရွယ်ချက်ရှိစွာ စွပ်စွဲ၍ ခွဲခြားအပြစ်ပေးသည့်ပုံစံဖြစ်သည့်အတွက် ပြစ်ဒဏ် မခံနိုင်ကြောင်း မနိုဗာနီနီထွေးက တင်ပြခဲ့သည်ဟုလည်း သိရသည်။
“ထိုအခါ အကျဉ်းဦးစီးမှ ဝန်ထမ်းအင်အားသုံးကာ မနိုဗာနီနီအေးကို တိုက်ပိတ်မည့်နေရာသို့ ခေါ်ဆောင်ခဲ့ပြီး ခေါ်ဆောင်ချိန်လမ်းတစ်လျှောက်တွင်လည်း ဦးစီးမှူး(၃)ပွင့် အဆင့် ဒေါ်ဇင်မာကြည်အောင်၊ (၁)ပွင့် ဒေါ်သဇင်မြင့်နှင့် တပ်သား ဖြိုးထက်ထက်အောင်တို့မှ ဆံပင်ဆွဲပြီး ခေါ်ဆောင်ခြင်း၊ ခန္ဓာကိုယ်အနောက်ခြမ်းအား ရိုက်နှက်ခြင်းများကို ကျူးလွန်ခဲ့ကြသည်”ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မနိုဗာနီနီအား မတရားအပြစ်ပေးသည့်အတွက် အခြားအကျဉ်းသူများက ဝိုင်းဝန်းတောင်းဆိုခဲ့ကြရာ နောက်ထပ် နိုင်ငံရေးအကျဉ်းသူ ခုနစ်ဦးကိုပါ ထပ်မံတိုက်ပိတ်လိုက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
PPNM ၏ ထုတ်ပြန်ချက်တွင် "ထောင်အာဏာပိုင်များမှ မနိုဗာနီနီအေးအား တိုက်ပိတ်ခဲ့သည့်အပြင် ထောင်ဆူပူအောင်လုပ်သည်ဟူသော အကြောင်းပြချက်ဖြင့် ဝိုင်းဝန်းတောင်းဆိုခဲ့ကြသူများအနက် နိုင်ငံရေးအကျဉ်းသူ(၇)ဦးတို့ကို အမျိုးသားထောင်ဝန်ထမ်းများမှ လာရောက်ခေါ်ဆောင်ကာ ထပ်မံ တိုက်ပိတ်ခဲ့ကြသည်" ဟုလည်း ဖော်ပြထားသည်။
ထောင်အာဏာပိုင်များသည် အမျိုးသမီးအဆောင်တိုက်ထဲတွင် လူပြည့်နေသည်ဟုဆိုကာ အမျိုးသားအဆောင် (၄)နှင့် စားဖိုဆောင်ကြားတွင်ရှိသည့် နဂိုမူလအမျိုးသားများထားရာတိုက်တွင် အဆိုပါ နိုင်ငံရေးအကျဉ်းသူများကို တိုက်ပိတ်ထားခြင်းဖြစ်ပြီး ယင်းတိုက်အတွင်းတွင် တိုက်ပိတ်ခံထားရသည့် နိုင်ငံရေး အကျဉ်းသူ စုစုပေါင်းမှာ (၂၇)ဦးဝန်းကျင်အထိ ရှိနေသည်ဟု PPNM က ဆိုထားသည်။
“နိုင်ငံရေးအကျဉ်းသူများကို တိုက်ပိတ်ထားသည့် တိုက်ခန်းများသည် ကြားခံ ကွပ်ပျစ်အပါအဝင် မည်သည့်အောက်ခံအခင်းမျှမရှိဘဲ သမံတလင်းပြင်များသာရှိနေသည်။ တိုက်ခန်းများသည်လည်း ဟောင်းနွမ်းနေသည့်အတွက် မိုးရာသီအချိန်ဖြစ်သည့်အားလျော်စွာ မိုးယိုခြင်း၊ မိုးပက်ခြင်းများကိုပါ ခံနေရပြီး မိလ္လာစနစ်ကိုလည်း ပြင်ဆင်ထားခြင်းမရှိသည့်အတွက် အခန်းအတွင်း မိလ္လာရေများစီးကာ ဆိုးရွားလွန်းသည့် အနံ့အသက်များကို ခံစားနေကြရသည်”ဟု ဖော်ပြထားသည်။
ထိုအခြေအနေများကြောင့် နိုင်ငံရေးအကျဉ်းသူများသည် ကျန်းမာရေးအနေဖြင့် အားနည်းခြင်း၊ နေမကောင်းခြင်းများ ဖြစ်ပေါ်လျက်ရှိသော်လည်း ထောင်ဆရာဝန်များသည် အချိန်နှင့်တပြေးညီ လာရောက်ကြည့်ရှုပေးခြင်းမရှိဟု PPNM က ဆိုသည်။
ထို့အပြင် နိုင်ငံရေးအကျဉ်းသူများသည် ရေချိုးရချိန်များတွင် တိုက်အပြင်ဘက်ထွက်ကာ ချိုးရသည့်အတွက်ကြောင့် အမျိုးသားအဆောင်များမှ မြင်နေရသည့်အတွက် ရေချိုးရသည့်အခါတိုင်း စိတ်မလုံခြုံမှုများခံစားကြရသည်ဟုလည်း ဖော်ပြထားသည်။
ယခုကဲ့သို့ နိုင်ငံရေးအကျဉ်းသူများအပေါ် မတရားဖိနှိပ်နေမှုများအား အမြန်ဆုံးရပ်တန့်ရန်၊ အကျဉ်းသား အခွင့်အရေးအပြည့်အဝပေးရန်၊ တိုက်ပိတ်ပြစ်ဒဏ်ပေးမှုအား ရပ်တန့်ပြီး မူလအဆောင်များသို့ ပြန်လည် ပို့ဆောင်ရန်၊ နောက်နောင် ယခုကဲ့သို့ ဖိနှိပ်မှုများမပြုလုပ်ရန်လိုအပ်ပြီး နိုင်ငံရေးအကျဉ်းသူများသည် လူအခွင့်အရေးအပြင် ဆိုးဝါးလှသည့် အကျဉ်းသားအခွင့်အရေချိုးဖောက်မှုများကို ဖိနှိပ်ခံနေရကြောင်းဖြင့် ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။







