ရွှေကူအရှေ့ဘက်ခြမ်း စစ်တပ်က ထိုးစစ်ပြင်နေလို့ စာသင် ကျောင်းတစ်ချို့ပိတ်ထားရ

ရွှေကူအရှေ့ဘက်ခြမ်း စစ်တပ်က ထိုးစစ်ပြင်နေလို့ စာသင် ကျောင်းတစ်ချို့ပိတ်ထားရ

ရွှေကူမြို့နယ်ထဲမှာ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတစ်ခု ကချင်ပြည်နယ် ရွှေကူမြို့နယ် အရှေ့ဘက်ခြမ်းမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဖို့ ပြင်နေတဲ့အတွက် စာသင်ကျောင်းတစ်ချို့ ခနပိတ်ထားရကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။

မြို့တွင်းအထိုင်တပ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ စစ်သင်္ဘောကနေ ပို့ဆောင်ထားတဲ့ စစ်သားအင်အားနဲ့ လက်နက်ခဲယမ်းတွေ ဖြည့်တင်ပြီးနောက် စစ်ကောင်စီတပ်ဟာ ရွှေကူအရှေ့ခြမ်းရှိ ကျေးရွာဘက် စစ်ကြောင်းထိုးဖို့ ပြင်ဆင်တာ၊ မြို့နဲ့အနီးဝန်းကျင်နေရာတွေမှာ စစ်ရေးလှုပ်ရှားတာတွေလုပ်လာတယ်လို့ ရွှေကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး KNG ကို ပြောပါတယ်။

“ဒီနေ့ထိတော့ ရွာတွေဘက်ထိ ရောက်လာတာတော့ မရှိသေးဘူး။ ဒါပေမယ့် မြို့ပြင်ထွက်ပြီး လှုပ်ရှားလာတာတော့ တွေ့ရတယ်။ ဒီလေးလမ်းဆုံဘက်တွေ ရောက်ရောက်လာတယ်။ အရင်က သူတို့ မြို့ဘက် မထွက်ဘူး တပ်အတွင်းမှာပဲ အောင်းနေတာ နှစ်နဲ့ရှိပြီ အခုမှ စပြီး ပြန်လှုပ်ရှားလာနေတာ ထိုးစစ်ဆင်မယ့်ပုံစံ သတင်းထွက်နေတယ်”လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့ မန္တလေးဂေါဝန်ဆိပ်ကမ်းကနေ တက်လာတဲ့ စစ်သင်္ဘောအစီး ၂၀ ကျော် ရွှေကူမြို့အထိုင်တပ်မှာ စစ်သည်အင်အားနဲ့ လက်နက်ခဲယမ်းတွေ ချထားပြီးနောက် နှစ်နှစ်နီးပါးကြာ စစ်ရေးလှုပ်ရှားမှု ရပ်တန့်နေတဲ့ မြို့တွင်း အထိုင်တပ်က သြဂုတ်လ ၁ ရက်နေ့ နောက်ပိုင်း တစ်‌ကျော့ပြန် ထိုးစစ်ဖို့ ပြင်ဆင်လာနေတာဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။ 

ဒါ့အပြင် ဩဂုတ်လ ပထမပတ်အတွင်းမှာ ရွှေကူအရှေ့ခြမ်းဘက်ကရွာတွေဘက်ကို ဦးတည်ပြီး စစ်ရေးလှုပ်ရှားမှု နှစ်ကြိမ်ထက်မနည်း ပြုလုပ်လာတဲ့အတွက် ရွှေကူအရှေ့ခြမ်းကျေးရွာရှိ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတစ်ချို့ ပိတ်ထားရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

“ကျောင်းတွေကတော့ ပိတ်ထားရတယ်။ ထိုးစစ်ဆင်မလိုလိုဆိုတော့ အခြေနေကြည့်ပြီးတော့ ဘယ်တော့ ပြန်ဖွင့်နိုင်မယ်တော့ မသိသေးဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရွှေကူနယ်အရှေ့ခြမ်းမှာ ကိုယ်ထူကိုယ်ထစနစ်နဲ့ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းပေါင်း ၄၀ ကျော်ရှိပြီး မြို့နဲ့နီးတဲ့ ကျောင်းပေါင်း ၁၀ ကျောင်းထက်မနည်း ယာယီပိတ်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့စစ်ရေးလှုပ်ရှားမှုတွေကြောင့် မြို့အနီး နောင်လတ်ကြီး၊ ငှက်တံတားအပါကျေးရွာက ပြည်သူတွေလည်း ကြိုတင်တိမ်း‌ရှောင်တာတွေရှိနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ စစ်သင်္ဘောတွေ မန္တလေးကနေ ဗန်းမောက်မြို့ကို ဆန်တက်သွားချိန် ရွှေကူနယ်ထဲက ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာတွေကို လေယာဉ်နဲ့ ဗုံးကျဲလို့ ငါးဘတ်ဝကျေးရွာထဲက လူနေအိမ်နှစ်လုံး ထိခိုက်ပျက်စီးခဲ့ပြီး မြစ်ကမ်းဘေးတစ်လျှောက် ကျေးရွာတွေထဲက ပြည်သူ ၇ ဦးလည်း သေဆုံးခဲ့တယ်လို့ ရွှေကူပြည်သူ့ကာကွယ်ရေးတပ်ကနေ သိရပါတယ်။

ရွှေကူမြို့နယ်ဟာ လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့ ဗန်းမော်ခရိုင်တွင်းရှိ မြို့နယ်တစ်ခုဖြစ်ပြီး ၂၀၂၂ ခုနှစ်နောက်ပိုင်း မြို့အရှေ့ဘက်ခြမ်းရှိ ရွာပေါင်း ၂၀ ထက်မနည်း ရွာလုံးကျွတ်မီးရှို့ခံရလို့ ပြည်သူသောင်းချီ နေရပ်စွန့်ခွာခဲ့ကြရပေမယ့် ၂၀၂၃ ခုနှစ် နေရပ်ပြန်လည်နေထိုင်ကြတာ ဖြစ်ပါတယ်။

December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
Photo credit - CJ
December 2, 2025
စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ပတ်ဝန်းကျင်တစ်ဝှိုက်...