လက်နက်ကိုင်တပ်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် တစ်လအတွင်း အရပ်သား ၃၂ ဦး ထိခိုက် သေဆုံးကြောင်း KHRW ထုတ်ပြန်

လက်နက်ကိုင်တပ်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် တစ်လအတွင်း အရပ်သား ၃၂ ဦး ထိခိုက် သေဆုံးကြောင်း KHRW ထုတ်ပြန်

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတွေမှာ စစ်တပ်အပါအဝင် လက်နက်ကိုင်တပ်တွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၃၂ ဦး ထိခိုက်သေဆုံးခဲ့တယ်လို့ KHRW-Kachin Human Rights Watch အဖွဲ့ကနေပြီးတော့ သြဂုတ်လ ၄ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

ဒီထိခိုက်သေဆုံးမှုတွေမှာ ဇူလိုင်လ တစ်လအတွင်း ဖြစ်ပွားခဲ့တာဖြစ်ပြီး လေယာဉ်ဗုံးကြဲတိုက်ခိုက်မှု၊ ဒရုန်းဖြင့်တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုနဲ့ သေနတ်နဲ့ ပစ်ခတ်ခံရမှုတွေကြောင့် သေဆုံးသွားခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

အကြမ်းဖက် တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်တွေဟာဇူလိုင်လ ၃ ရက်နေ့က ကချင်ပြည်နယ် ဖားကန့်မြို့နယ် မဆွတ်ဘွမ်ခေါ် အမှိုက်ပုံကျေးရွာမှာရှိတဲ့ ဘုန်းကြီးကျောင်းပေါ်မှာ ဒရုန်းတိုက်ခိုက်မှုကြောင့် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးပြီး၊ နောက်ထပ် ၁၂ ဦး ထိခိုက်ဒဏ်ရာရတဲ့ ဖြစ်စဉ်၊ ဇူလိုင်လ ၁၀ ရက်နေ့ ဖားကန့်မြို့နယ် မှော်ဆီစာကျေးရွာ SKY ဟိုတယ်ရှေ့ အချဉ်ပေါင်းသည် တစ်ဦး ပစ်သတ်ခံတဲ့ ဖြစ်စဉ်၊ ဇူလှိုင်လ ၃၀ရက်နေ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ ရာစုသစ် ဟိုတယ်ကို လေယာဉ် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကလေးအပါအဝင် အရပ်သား ၆ ဦး သေဆုံးပြီး ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ်၊ ဇူလှိုင်လ ၃၁ ရက် ဖားကန့် မှော်ဆီစာကျေးရွာ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကလေး ၂ ဦးနဲ့ မိခင်သေဆုံးခဲ့တဲ့ ဖြစ်စဉ်တွေကို တွေ့ရပါတယ်။

ဒီထိခိုက်သေဆုံးသူ ၃၂ ဦးမှာ ၁၂ ဦး သေဆုံး၊ ၂၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပြီး အကြမ်းဖက်မှုတွေကို စစ်ကောင်စီနဲ့ အမည်မသိ လက်နက်ကိုင်အဖွဲ့အစုကြောင့် ဖြစ်တယ်လို့ ဖော်ပြထားတာဘဲ ဖြစ်ပါတယ်။

ခုလို အပြစ်မဲ့အရပ်သားပြည်သူတွေ သတ်ဖြတ်ခံနေရတဲ့ ဖြစ်စဉ်တွေအပေါ် KHRW ရဲ့တာဝန်ခံ ကိုဂျေကော့(Jacob)က အခုလို ပြောပါတယ်။

“ဒီလိုမျိုး အကြမ်းဖက်မှုတွေကို အမြန်ဆုံးရပ်တန့်ရေးကတော့ အရပ်ဘက်အဖွဲ့အစည်းတွေရော၊ နိုင်ငံတကာ အဖွဲ့အစည်းတွေရော၊ အာဆီယံအဖွဲ့အစည်းတွေရော အားလုံးပူးပေါင်းပါဝင်မှသာ လက်ရှိဖြစ်ပေါ်နေတဲ့ လူအခွင့်အရေး ချိုးဖောက်မှုတွေကို အမြန်ဆုံး ရပ်တန့်နိုင်မယ်လို့ မျှော်လင့်ပါတယ်ဗျ” လို့ ဆိုပါတယ်။

စစ်ကောင်စီတွေအနေနဲ့လည်း ခုလို အကြမ်းဖက်လုပ်ဆောင်မှုတွေ အတွက် တာဝန်ယူမှုတွေ လုပ်ဆောင်သွားရမှာ ဖြစ်ပြီး အကြမ်းဖက်မှုတွေကို အမြန်ဆုံး ရပ်တန့်သင့်ပြီးလို့ ဆက်ပြောပါတယ်။

Kachin Human Rights Watch(KHRW)အဖွဲ့ရဲ့ ပြောကြားချက်အရကတော့ ၂၀၂၃ ခုနှစ်ကနေ ၂၀၂၅ ဇွန်လထိ သေဆုံးသူ ၂၃၀ ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၂၄၀ ဦးထိရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီအချက်အလက်တွေကို ကောက်ယူရရှိထားတဲ့ အဖွဲ့အစည်းတွေအားလုံးကတော့ ဆက်သွယ်ရေးအခက်အခဲ အမျိုးမျိုးကြားကနေ ကောက်ယူရရှိထားတာ ဖြစ်တဲ့အတွက် မြေပြင် အခြေအနေနဲ့တော့ အနည်းငယ် ကွဲလွဲမှုတွေရှိနေနိုင်တယ်လို့ တင်ပြထားပါတယ်။

စစ်တပ်အာဏာသိမ်း လေးနှစ်တာအတွင်း ကချင်ပြည်နယ်အတွင်း ဖားကန့်ဒေသ KIO တပ်မဟာ ၉ နယ်မြေဖြစ်တဲ့ အနန့်ပါ၊ KIO ဌာနချုပ် လိုင်ဇာမြို့အနီးရှိ မုန့်လိုင်ခက် စစ်ရှောင်စခန်း၊ မြို့သစ် ကုန်းလောကျေးရွာတွေမှာ လေယာဉ်ဗုံးကြဲခံရတဲ့အတွက် အရပ်သားအစုပြုံလိုက် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

ဒါ့အပြင် Burmese Women’s Union(BWU) ရဲ့ ထုတ်ပြန်ချက်မှာလည်း စစ်ကောင်စီရဲ့ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ဇူလိုင်လ ၁ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အမျိုးသမီး ၆၄ ဦး သေဆုံးပြီး ၈၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အလားတူ Myanmar Pace Monitor MPM ရဲ့ စုစည်းထားတဲ့ အချက်အလက်တွေမှာတော့ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်းကနေ ၂၀၂၄နှစ်ကုန်အထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စုစုပေါင်း သေဆုံးသူ ၇၇၅၇ ဦး အထိရှိခဲ့ရာ ကချင်ဒေသမှာ ၅၆၀ ဦးရှိခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

သေဆုံးမှုတွေထဲမှာ တိုက်ပွဲအတွင်းသေဆုံးခဲ့တဲ့ အရပ်သားဦးရေမှာ လေးနှစ်တာအတွင်း ၄၀၅ ဦးရှိခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးခဲ့တဲ့အရပ်သားဦးရေကတော့ ၁၄၉ ဦးရှိခဲ့ပါတယ်။

သေဆုံးခဲ့တဲ့ဖြစ်စဉ်တွေတွေထဲမှာမှ ၂၀၂၄ခုနှစ်ကတော့ အဆိုးရွားဆုံးနဲ့ အများဆုံးဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ကမ္ဘာ့ကုလသမ္မဂအဖွဲ့(UN)ရဲ့ ပြီးခဲ့တဲ့ဇွန်လ ၂၆ရက်နေ့ ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီ အာဏာသိမ်း

ပြီးနောက် လက်ရှိချိန်ထိ အရပ်သားပြည်သူ ၆၈၀၀ကျော် သတ်ဖြတ်ခံထားရပြီး လူပေါင်း ၂၂၀၀၀ ကျော်ဟာ နိုင်ငံရေးကြောင့် ဖမ်းဆီးခံထားရတာ ဖြစ်တယ်လို့ သိရပါတယ်။

Most read this week

December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
Photo credit - CJ
December 2, 2025
စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ပတ်ဝန်းကျင်တစ်ဝှိုက်...