ပင်းတယ ရေကြီးမှုတွင် အသေပျောက်များ

ပင်းတယ ရေကြီးမှုတွင် အသေပျောက်များ

သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ် သိမ်ကုန်းကျေးရွာအုပ်စု ကုန်းစောင်းရွာနှင့် အုံအက် ကျေးရွာတွင် တောင်ကျရေကြောင့် အသေအပျောက်ရှိကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၈ ရက်နေ့ နံနက် ၃နာရီအချိန်တွင် ပင်းတယမြို့နယ် ကုန်းစောင်းရွာ၌ တောင်ကျရေ ရုတ်တရက်ဆင်းလာကာ ချောင်းနှင့် လမ်းသင့်သည့် နေအိမ်များ ကျောက်တုံး၊ မြေခဲ များ ရေစီးနှင့်တူ မျောပါသွားပြီး လူ(၈)ဦးသေဆုံးကာ ပျောက်ဆုံးသူများလည်း ရှိနေကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

“တောင်ကျရေက လူအိပ်ချိန်ကို ရုတ်တရက်ဆင်းလာတာ မနေ့က သိကြတာ။ ကုန်းစောင်းရွာမှာ ခုထိ ရှာမတွေ့သေးတဲ့ လူလည်းရှိတယ်။ သေတာက (၈)ယောက်၊ ပျောက်နေတာ (၂)ယောက်ရှိတယ်။ အရမ်းကြောက်ဖို့ ကောင်းတယ်။ တခါမှ မဖြစ်ဖူးဘူး။ စပါးခင်းတွေလည်း အကုန်ပျက်၊ ဘာမှရစရာမရှိတော့ဘူး။” လို့ သိမ်ကုန်းရွာဒေသခံ အသက် ၃၀ ဝန်းကျင် ရှိ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ပင်းတယမြို့နယ် ကုန်းစောင်းရွာရှိ ချောင်းသည် ချောင်းခြောက်ဖြစ်ပြီး မိုးများမှသာ ရေအနည်းငယ် စီးဆင်းကြောင်းနှင့် ယခု ဖြစ်စဉ်သည် ပထမဦးဆုံး ဖြစ်ဖူးကြောင်း ၎င်းက ဆက်ပြောသည်။

ကုန်းစောင်းရွာသည် အိမ်ခြေ ၈၀ ကျော်ရှိပြီး အိမ်ခြေ ၅၀ ကျော်သည် သိမ်ကုန်းဘုန်းကြီးကျောင်းနှင့် ကုန်းစောင်းဘုန်းကြီးကျောင်းတွင် ရှောင်တိမ်းနေရပြီး စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်းများ လိုအပ်နေကြောင်း ၎င်းသိမ်ကုန်းဒေသခံ အမျိုးသမီးက ပြောသည်။

“ရွာမှာတော့ လာရှောင်ကြတာ ၆၀၀ လောက်ရှိတယ်။ဝါတွင်းဆိုတော့ ကန်တော့ထားတဲ့ မာမားခေါက်ဆွဲတို့ ကြက်ဥတို့နဲ့ ကျွေးထားတယ်။ကုန်းစောင်းရွာက ဘုန်းကြီးကျောင်းမှာ ရှောင်တဲ့သူတွေလည်း စားစရာရှိတော့ဘူး။ အမြန်ကယ်ဖို့ လိုနေတယ်။ အုံအက်ရွာမှာဆို အသေပျောက် အရမ်းများမယ်ထင်တယ်။ ဘာမှ အဆက်သွယ်မရ အကူညီမရောက်ဘူး။”ဟု ၎င်းအမျိုးသမီးက ဆက်ပြောသည်။

ထို့အပြင် ပင်းတယ ရွှေဥမင် ဘုရား၌ မြေပြိုခြင်း ရေကြီးခြင်းတို့ကြောင့် ဈေးဆိုင်များ ပျက်စီးသွားခဲ့ပြီး ပင်းတယ-ရပ်စောက်လမ်းရှိ တံတားလည်း ကျိုးသွားကြောင်း သိရသည်။

“ဇော်ဂျီချောင်းက ရေကြီးတော့ တံတားလည်း ကျိုးသွားတာ။ ရပ်စောက်သွားမယ်ဆို သိမ်ကုန်းဘက်က လမ်းကနေ သွားမှရတော့မှာ။ စပါးခင်းတွေလည်း ပျက်သွားတာ အရမ်းများတယ်။ ဘယ်လောက်လည်း ဆိုတာတောင် မပြောပြတတ်တော့ဘူး။ အရမ်းတော့များတယ်။”လို့ ပင်းတယ မြို့ခံ အသက် ၂၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အပြင် ပင်းတယမြို့ ပန်းစစ်ကျေးရွာတွင်လည်း မြေပြိုသောကြောင့် လမ်းများ ပျက်စီးသွားပြီး ခြေလျင်သွားလာနေရကြောင်း ၎င်းအမျိုးသမီးက ဆက်ပြောသည်။

ဆက်လက်ပြီး ရွာငံ-အောင်ပန်း သွားလမ်းတွင်လည်း လမ်းများ ရေတိုက်စားခံရသောကြောင့် ခရီးသွားများ နောက်ပြန်လှည့်ခဲ့ရကြောင်း ရွာငံဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနှစ်ကတော့ ကြီးတယ် ဒီလိုလမ်းပျက်သွားတဲ့အထိ မဟုတ်ဘူး။ ဒီနှစ်တော့ လမ်းပါပျက်စီးသွားတယ်။ မြင်းကျဒိုးရွာအုပ်စုက ကုန်းကြီးရွာလည်း ရေတော်တော်ကြီးနေတယ်။ စပါးတွေဆို အကုန်ပျက်ကုန်တယ်။ ဒီနှစ်က ဘာလုပ်စားလို့မရဘူး အကုန်ပျက်စီးသွားပြီ။” လို့ ၎င်း ရွာငံဒေသခံ အမျိုးသား ကဆိုသည်။

ယခုလက်ရှိ သျှမ်းတောင်ရှိ ကလော၊ အောင်ပန်း၊ ညောင်ရွှေ၊ ရပ်စောက်၊ ပင်းတယ၊ ရွာငံနှင့် အင်းလေးဒေသ ဘက်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး အရေးပေါ်ကူညီများ လိုအပ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင်လည်း သျှမ်းတောင်အပါဝင် တစ်နိုင်ငံလုံးနီးပါး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး ရေဘေးသင့်သူ ထောင်ချီရှိခဲ့သည်။

Photo credit - CJ
December 4, 2025
သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့်...
December 3, 2025
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး ၅ နှစ်ကြာခဲ့ပြီးနောက် စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်သည်...
December 1, 2025
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအနီးရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/...