တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထိန်းချုပ်ထားသည့် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့ပေါ်နေရာများကို ယနေ့ (ဇူလိုင်လ ၂၃ ရက်) တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြန်လည် ဝင်ရောက်ထိန်းချုပ်သွားပြီဖြစ်ကြောင်း မြေပြင် စစ်ရေးသတင်းရင်း များက ပြောဆိုသည်။
“မြို့ပေါ်နေရာတွေကို စစ်ကောင်စီတပ်သားတွေ ဝင်သွားပြီ၊ မြို့နယ်တခုလုံးကိုတော့ မထိန်းချုပ်နိုင်သေးပါဘူး” ဟု မြေပြင် စစ်ရေးသတင်းရင်းမြစ်က မဇ္စျိမသို့ ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့သည် ဇူလိုင်လ အစောပိုင်းမှ စတင်၍ သပိတ်ကျင်းမြို့နယ်ကို အင်အားအလုံးအရင်းဖြင့် ပြန်လည် ထိုးစစ်ဆင်လာခဲ့ခြင်းဖြစ်သည်။
ယမန်နေ့တွင် မြို့တွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ပြီးနောက် မြို့ပေါ် နေရာများကို ပြန်လည်သိမ်းပိုက် ထိန်းချုပ် နိုင်သွားခြင်း ဖြစ်သည်။
စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် သပိတ်ကျင်းမြို့ကို စစ်ကောင်စီတပ်ဖွဲ့က ပြန်လည် ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း ဓါတ်ပုံ များဖြင့် ဖော်ပြထားပြီး၊ သပိတ်ကျင်းမြို့ ဆေးရုံး၊ မြို့နယ်ခန်းမ၊ မီးသတ်ဌာန၊ ဆုတောင်းပြည့် ကမ္ဘာအေးစေတီ၊ မြို့စာသင်ကျောင်း နေရာများတွင် ပြန်လည်တပ်စွဲထားပြီဖြစ်ကြောင်း ဆိုသည်။
သပိတ်ကျင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက ၂၀၂၄ ခု နှစ် ဩဂုတ်လအတွင်း သိမ်းပိုက်ရရှိခဲ့သော်လည်း မြို့နယ်အတွင်းရှိ စစ်ကောစီတပ်စခန်းများအားလုံးကို အပြီးသတ် ရှင်းလင်းနိုင်ခဲ့ခြင်းမရှိခဲ့ဘဲ (၇) မိုင် လျှပ်စစ်အင်ဂျင် နီယာတပ်စခန်း နှင့် တွင်းငယ်ကျေးရွာရှိ အမှတ် (၁၃) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက-၁၃) နေရာများ ကျန်ရှိ နေခဲ့သည်။
သပိတ်ကျင်းမြို့အတွင်းသို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သားအများစုသည် (၇) မိုင် လျှပ်စစ် အင်ဂျင်နီယာတပ်စခန်း မှ စစ်ကြောင်းဖြစ်ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ယင်းအပြင် ဇူလိုင်လ ၂၀ ရက်နေ့ က သပိတ်ကျင်းမြို့နယ်တွင် ညအိပ် ရပ်နားခဲ့သည့်စစ်သင်္ဘောများမှလည်း အင် အားဖြည့်တင်းမှုများ လုပ်ဆောင်သွားနိုင်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။
သပိတ်ကျင်းမြို့ကို အဓိက ထိန်ချုပ်ထားသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY PDF) က တော့ သပိတ်ကျင်းမြို့ တိုက်ပွဲ များ နှင့် ပတ်သတ်၍ တစုံတရာ ထုတ်ပြန်ခြင်းမျိုး မရှိသေးပေ။
စစ်ကောင်စီတပ်ဖွဲ့ သည် ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားသည့် မြို့နယ်များကို အင်အားအလုံးအရင်းဖြင့် ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိရာ ဇူလိုင်လ ၁၆ ရက်နေ့ ကလည်း နောင်ချိုမြို့ ကို TNLA လက်ထဲမှ ပြန်လည်သိမ်းယူသွားသည်။







