ရေဘေးသင့်ပြီး ကျောင်းဆောင်တွေ မျောပါသွားခဲ့တဲ့ ခေါင်လန်ဖူးမြို့နယ်၊ ရီဒမ်းကျေးရွာက ကျောင်းသူကျောင်းသားတွေ စာသင်ကြားဖို့ အခက်ခဲဖြစ်

ရေဘေးသင့်ပြီး ကျောင်းဆောင်တွေ မျောပါသွားခဲ့တဲ့ ခေါင်လန်ဖူးမြို့နယ်၊ ရီဒမ်းကျေးရွာက ကျောင်းသူကျောင်းသားတွေ စာသင်ကြားဖို့ အခက်ခဲဖြစ်

ရေဘေးသင့်ပြီး ကျောင်းဆောင်တွေ မျောပါသွားခဲ့တဲ့ ခေါင်လန်ဖူးမြို့နယ်၊ ရီဒမ်းကျေးရွာက ကျောင်းသူ၊ ကျောင်းသားတွေ စာသင်ကြားဖို့ အခက်ခဲဖြစ်နေသလို ကျောင်းအသုံးအဆောင်ပစ္စည်း ပြတ်လပ်မှုတွေလည်း ကြုံနေရတယ်လို့ သိရပါတယ်။

ကျောင်းဆောင်မျောပါသွားတဲ့နောက် ပြန်လည်ဆောက်လုပ်နိုင်တာမရှိသေးဘဲ ယာယီအဆောင်တွေမှာ စာသင်ကြားနေကြပြီးတော့ ကျောင်းသုံးပစ္စည်းတွေနဲ့ စာရေးကိရိယာတွေ အခက်ခဲဖြစ်နေတယ်လို့ အဲဒီဒေသနဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“စာကတော့ သင်နေတယ်။ ဒါပေမဲ့ ယာယီကျောင်းဆောင်ပေါ့နော်။ ဘုရားကျောင်းတွေမှာ သင်နေရတယ်။

ကျောင်းဆောင် မျောသွားတဲ့အတွက်ကြောင့်မို့ ကျောင်းအသုံးအဆောင်တွေ စာအုပ်တွေ စာရေးကိရိယာတွေ အရမ်းအခက်ခဲဖြစ်တယ်လို့ ကြားသိရတယ်။” လို့ ဆိုပါတယ်။

ပူတာအို-ခေါင်လန်ဖူးလမ်းပိုင်းလည်း ပျက်စီးနေတဲ့အတွက် ဗလာစာအုပ်ဝယ်ယူဖို့ နေရာမရှိသလို ကျောင်းသုံး မြေဖြူတွေကအစ ပြတ်လပ်နေတာကြောင့် အခက်ကြုံနေရတယ်လို့ ဆိုပါတယ်။

ကျောင်းသူ၊ ကျောင်းသား အယောက် ၆၀ ကျော်ရှိတဲ့ ရီဒမ်းကျေးရွာမှာ အဲဒီကျောင်းတစ်ကျောင်းသာ ရှိတာဖြစ်ပြီး တခြားကျေးရွာတွေမှာ သွားတက်ဖို့လည်း အဆင်မပြေတဲ့အတွက် လတ်တလောမှာတော့ ယာယီအနေနဲ့ ဘုရားကျောင်းနဲ့ ဆေးပေးခန်းအဆောင်နေရာတွေမှာ ခွဲပြီး စာသင်ကြားနေကြတာလို့ သိရပါတယ်။

ဒါ့အပြင် မိုးကြီးရေလျှံပြီး လမ်းတွေ ပျက်စီးသွားကတည်းက ပူတာအို ခေါင်လန်ဖူးလမ်းပိုင်းလည်း ပြုပြင်နိုင်တာမရှိသေးသလို ဆိုင်ကယ်သွားဖို့တောင် ခက်ခဲနေတဲ့အတွက် ကုန်ပစ္စည်းတွေ သယ်ယူဖို့လည်း ခဲယဉ်းတဲ့အခြေအနေရှိတယ်လို့ ပြောပါတယ်။

“လမ်းက အရမ်းပျက်စီးသွားတယ်ဆိုတော့ တော်ရုံတန်ရုံနဲ့ အဆင်မပြေလောက်ဘူး။ ဆိုင်ကယ်တွေတောင် လေးငါးယောက်ထမ်းပြီးမှ သွားနေရတာဆိုတော့ ကုန်ပစ္စည်းတင်ဖို့တော့ တော်တော်လေး အခက်ခဲရှိတယ်။” လို့ ဆိုပါတယ်။

အခုနှစ် မေလကုန်အပတ်လောက်က မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေတွေ မြင့်တက်လာတာကြောင့် ရီဒမ်းကျေးရွာက ကျောင်းဆောင် ၂ ဆောင်လုံး ရေထဲမျောပါသွားခဲ့ပြီး လူနေအိမ်တချို့လည်း မျောပါသွားခဲ့တာ ဖြစ်ပါတယ်။

ခေါင်လန်ဖူးမြို့နယ်ဟာ မြန်မာပြည်မြောက်ပိုင်းက လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ဒေသ တစ်ခုဖြစ်ပြီး ရာသီဥတုဆိုးရွားရင် လမ်းပျက်စီးမှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။

Most read this week

June 16, 2026
မြစ်ကြီးနားခရီးစဉ်တွေအတွက် လေယာဉ်လက်မှတ်ခတွေ ဈေးနှစ်ဆအထိ ဈေးတင်ရောင်းချမှုတွေ များလာပြီးနောက်...
June 15, 2026
မြစ်ကြီးနားမြို့‌က လူငယ်အချို့ ဦးဆောင်ပြီး မြစ်ဆုံရေကာတာစီမံကိန်း အလိုမရှိကြောင်း Sticker...
June 13, 2026
တရုတ်-မြန်မာနယ်စပ်တစ်လျှောက် တိမ်ခိုးတွေနဲ့ရစ်ပတ်နေတဲ့ ယူနန်တောင်တန်းကြီးတွေကြားမှာ...
June 12, 2026
စစ်အုပ်စုရဲ့ စစ်မှုထမ်းဥပဒေနဲ့ အဓမ္မသင်တန်းပို့ခံရတဲ့ သူအရေအတွက်ဟာ ကချင်ပြည်နယ်မှာ ၄၆၉ ယောက်...