စစ်တပ်ရဲ့ စစ်သင်္ဘောတွေ မင်းကင်းနယ်ထဲရောက်လာတဲ့အတွက် မြစ်ကမ်းဘေးရှိ ရွာ‌ပေါင်း ၂၀ ခန့်တိမ်းရှောင်

စစ်တပ်ရဲ့ စစ်သင်္ဘောတွေ မင်းကင်းနယ်ထဲရောက်လာတဲ့အတွက် မြစ်ကမ်းဘေးရှိ ရွာ‌ပေါင်း ၂၀ ခန့်တိမ်းရှောင်

လေကြောင်းကနေ လုံခြုံရေးယူပြီး ဆန်တက်လာနေတဲ့ စစ်ကောင်စီရဲ့စစ်သင်္ဘောတွေ မင်းကင်းမြို့နယ်ထဲ ဝင်ရောက်လာပြီဖြစ်တဲ့အတွက် မြစ်ကမ်းဘေးရှိ ရွာ‌ပေါင်း (၂၀) ခန့်တိမ်းရှောင်နေရတယ်လို့ ဟုမ္မလင်းကာကွယ်ရေးတပ်က သိရပါတယ်။

ဇူလိုင်ဆန်းပိုင်းကစပြီး မုံရွာကနေ ဟုမ္မလင်း– ခန္တီးဘက်ကိုဦးတည်ကာ ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီရဲ့စစ်သင်္ဘောကြီးသုံးစီး၊ သံခွန်မော်တော်၊ စစ်သင်္ဘောငယ် စုစုပေါင်း အစီး ၃၀ ဝန်းကျင်ဟာ လေကြောင်းလုံခြုံရေးယူပြီး မနေ့က မင်းကင်းကျော်လာပြီလို့ ဟုမ္မလင်း PDF တပ်ဖွဲ့ဝင်တစ်ဦးက KNG ကို ပြောပါတယ်။

“မင်းကင်းကျော်လာပြီပြောတယ်။ ကလေးဝတောင်ဝင်လာတော့မယ်။ ကလေးဝကျော်ရင်တော့ ဟုမ္မလင်းနဲ့ နီးနေပြီ မြစ်ကမ်းဘေးရွာတစ်ချို့ရှောင်နေရတာပါ့” လို့ သူက ပြောပါတယ်။

စစ်ကောင်စီရဲ့ စစ်သင်္ဘောတွေကို လုံခြုံရေးယူပေးတဲ့လေယာဉ်တွေဟာ မြစ်ကမ်းဘေးရွာတွေကို လေကြောင်းတိုက်ခိုက်တာ၊ သင်္ဘောပေါ်ကနေ ရွာဘက် လက်နက်ကြီးယမ်းသမ်းပစ်ခတ်တာတွေရှိတာကြောင့် လက်ရှိ မင်းကင်းနယ်ထဲက ကျောင်းတော်ဦး၊ တောင်ယာတောရွာ၊ ချောင်းဝ၊ ကပြစ် စတဲ့ရွာအပါ ရွာပေါင်း ၁၀ ရွာထက်မနည်းနဲ့ ကလေးဝမြို့နယ်ထဲက ကင်းရွာ၊ ရွှေတောင်ရွာ၊ စပါးကျီးစတဲ့ရွာတွေ တိမ်းရှောင်နေရကြောင်း သိရပါတယ်။

အဲ့ဒီစစ်သင်္ဘောပေါ်မှာ စစ်သားအင်အား၊ လက်နက်ခဲယမ်းနဲ့ စားနပ်ရိက္ခာတွေ အပြည့်တင်ဆောင်ထားတယ်လို့ သိရပါပြီး ဟုမ္မလင်း (သို့မဟုတ်) ခန္တီးမြို့ကို ဦးတည်တက်လာတာ ဖြစ်နိုင်တာလို့ သိရပါတယ်။

လက်ရှိ မင်းကင်းကိုကျော်တက်လာနေတဲ့ စစ်သင်္ဘောတွေဟာ ဟုမ္မလင်းကိုဝင်ရောက်ဖို့ ကလေးဝ၊ မော်လိုက်၊ ဖောင်းပြင်နဲ့ ရွှေပြည်အေးမြို့ လေးမြို့ကို ကျော်ဖြတ်ရမှာဖြစ်ပြီး ရွှေပြည်အေးမြို့ကိုတော့ ကာကွယ်ရေးတပ်တွေ အပြည့်အဝ ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

စစ်သင်္ဘောတွေ ချင်းတွင်းမြစ်ကြောင်းပေါ်ရောက်နေတဲ့အတွက် မုံရွာကိုဆင်းပြီး ကုန်သွားသယ်မယ့် ကုန်သင်္ဘောအစီး‌ ၈၀ ခန့် ဟုမ္မလင်းသင်္ဘောဆိပ်မှာ ပိတ်မိနေတာ‌ကြောင့် လတ်တ‌လော ဟုမ္မလင်းမြို့နယ်ထဲ ကုန်စျေးတက်တာ၊ ကုန်စည်ပြတ်လပ်တာတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

“ခေါက်ဆွဲခြောက်တို့၊ ကြက်ဥတို့ကတော့ ပြတ်နေတယ်။ ကုန်သင်္ဘောတွေက မဆင်းရဲကြဘူးလေ။ လမ်းမှာ စစ်သင်္ဘောတက်လာနေတော့ အခု အစီး ၈၀၊ ၁၀၀ လောက် ပိတ်မိနေတယ်။ ကုန်သင်္ဘောမဆင်းနိုင်လို့ ကုန်စျေးလည်း တအားတက်တယ်။ ကုန်သည်တွေက ကုန်မရောက်လာနိုင်မှန်းသိတော့ စျေးတင်ကြတာလေ” လို့ ဟုမ္မလင်းမြို့ခံ အမျိုးသမီးတစ်ဦးက KNG ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ၂၀၂၄ ခုနှစ်တုန်းကလည်း မုံရွာ–ဟုမ္မလင်းရေကြောင်းသုံးပြီး ဟုမ္မလင်း၊ ခန္တီးဘက်ကို စစ်အင်အားဖြည့်တာတွေ ပုံမှန်ရှိခဲ့ပေမယ့် ယခုနှစ်ထဲမှာတော့ ဒီတစ်ကြိမ် ပထမဆုံးလို့ သိရပါတယ်။

ဟုမ္မလင်းမြို့နယ်ထဲက ရွှေပြည်အေးမြို့အပါအဝင် မြို့ရဲ့အနောက်ဘက်နဲ့ တောင်ဘက်ခြမ်းတွေထဲက ရှေ့ရွာအများစုကို ကာကွယ်ရေးတပ်တွေထိန်းချုပ်ထားပြီး ဟုမ္မလင်းအရှေ့ဘက် ဖောင်းပြင်မြို့နယ်ထဲမှာလည်း ကျေးရွာအများစုကို ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတာကြောင့် အဲ့ဒီနေရာတွေကို ပြန်ယူဖို့ စစ်အင်အားဖြည့်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်နေကြပါတယ်။

January 17, 2026
မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ဆန့်ကျင်မှုကြောင့် ဆယ်စုနှစ်တစ်ခုကျော်ရပ်နားထားတဲ့...
January 16, 2026
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့...
January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...
ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...