သျှမ်းပြည်၊ နောင်ချိုမြို့ပေါ် ရပ်ကွက်အားလုံးနီးပါးရှိ ဌာနဆိုင်ရာရုံးများသို့ စစ်ကောင်စီတပ်သားများ ဝင်ရောက်နေရာယူ ထိန်းချုပ်လိုက်ပြီး မြို့ပြင်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း စုံစမ်းသိရသည်။
ယမန်နေ့ (ဇူလိုင်လ ၁၅ ရက်) ညနေပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ပေါ် ပန်ဟတ်နှင့် ဈေးရပ်ကွက်ရှိ ဌာနဆိုင်ရာရုံးများ၊ ဘဏ်များသို့ စစ်ကောင်စီ တပ်သားများ ဝင်ရောက်နေရာယူ ထိန်းချုပ်လိုက်ပြီး မြို့ပြင်တွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေကြောင်း နောင်ချိုဒေသခံများက ပြောသည်။
“စကစ စစ်သားတွေ ဈေးဘက်က ဘဏ်တွေ၊ ရုံးတွေထိ ရောက်လာပြီ။ သေနတ်သံလောက်ပဲ ကြားရတော့ ရပ်ကွက်တိုင်း ရသွားပြီလို့ ပြောလို့ရတယ်။ မနေ့က ရေမောင်းတန်းဘက်မှာလည်း ဆမ္မဆယ်က လာတဲ့ TNLA ပူးပေါင်းတပ်တွေ စစ်ကောင်စီတပ်နဲ့ ဘုန်းကြီးကျောင်းနားမှာ ပစ်နေတုန်းပဲ။ ကြံခင်းတွေထဲကနေ ပစ်နေတာ အင်အား ၂၀၀ ကျော်လောက် ရှိမယ်၊ တိုက်ပွဲကတော့ မငြိမ်သေးဘူး”ဟု နောင်ချိုဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
နောင်ချိုမြို့တွင် ဈေးရပ်ကွက်၊ ဘူတာရပ်ကွက်၊ ပန်ဟတ်ရပ်ကွက်၊ သပြေရေရပ်ကွက်၊ နားရှိုးရပ်ကွက်နှင့် တောင်ရပ်ကွက်ဟူ၍ ရပ်ကွက်ကြီး (၆) ခု ရှိရာ ဇူလိုင်လ (၁၁) ရက် ညနေပိုင်းမှ စတင်ပြီး တောင်ခမ်းဒေသမှ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းများသည် ဘူတာရပ်ကွက်မှလွဲ၍ ကျန်ရပ်ကွက် (၅) ခုကို ထိန်းချုပ်ထားကြောင်း ဒေသခံများထံမှ သိရသည်။
နောင်ချိုမြို့ပေါ် ဈေးရပ်ကွက်သို့ စစ်ကောင်စီတပ်သားများ ဝင်ရောက်နေထားသည့် ဓာတ်ပုံများကို စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ဖြန့်ဝေထားခြင်းကြောင့် နောင်ချိုမြို့ စစ်ရေးအခြေအနေနှင့် ပတ်သက်၍ သျှမ်းသံတော်ဆင့်မှ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးထံ ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည် ဖြေကြားခြင်း မရှိသေးပါ။
နောင်ချိုတိုက်ပွဲနှင့် ပတ်သက်၍ TNLA တပ်ဖွဲ့များ၊ တပ်မှူးများလည်း မြေပြင်တွင် ဆက်ရှိနေပြီး လက်ရှိအချိန်ထိ ထိန်းထားနိုင်သည့် အနေအထားဖြစ်ကြောင်း၊ TNLA ခေါင်းဆောင်ပိုင်းများမှ စစ်ရေးသုံးသပ်မှုများ ပြန်လည် ပြုလုပ်နေကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက မြန်မာနောင်း သတင်းဌာနကို ယမန်နေ့ (ဇူလိုင်လ ၁၅ ရက်) နံနက်ပိုင်းတွင် ဖြေကြားထားသည်။
လက်ရှိတွင် ဂုတ်ထိပ်ဘက်သို့ ချီတက်သွားသည့် စစ်ကောင်စီတပ် စစ်ကြောင်းများသည် ဂုတ်ထိပ်တဖက်ကမ်းရှိ ကျေးရွာများသို့ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်နေခြင်းကြောင့် နောင်ပြစ်၊ လုံကြိမ်၊ ခဲလုံ၊ ပင်ပေါ၊ ဇီးပင်စခန်း စသည့် ကျေးရွာများလည်း နောင်ပိန်ရွာဘက်သို့ ထပ်မံစစ်ဘေးရှောင်လာကြောင်း ဒေသခံများက ပြောသည်။
“ဂုတ်တွင်းချောင်းထဲလည်း ဗမာစစ်သားတွေ အများကြီး ရောက်နေပြီ။ လမ်းမကြီးဘေးက ရွာတွေလည်း စိုးရိမ်ကြလို့ ပင်တီး ပင်တိန်ရွာတွေလည်း ရွှေ့ရပြီ။ အခြေအနေက ရှုပ်နေလို့ ဘာလဲမသိတော့ဘူး”ဟု နောင်ပိန်ရောက် နောင်ချိုစစ်ဘေးရှောင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
အလားတူ ဘန့်ဘွေးဘက်မှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို TNLA ပူးပေါင်းတပ်များက ကျောက်ကြမ်းကျေးရွာအနီးရှိ စစ်ကောင်စီတပ်၏ ခြေမြန်တပ်ရင်း ခမရ-၁၁၄ နှင့် ခမရ-၁၁၅ တပ်ရင်းတို့တွင် ဆက်လက်ခုခံတိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။







