စစ်ကောင်စီရဲ့ တိုက်လေယာဉ်နဲ့ ရဟတ်ယာဉ်ပျက်ကျမှု တစ်ဒါဇင်လောက်ရှိလာ

စစ်ကောင်စီရဲ့ တိုက်လေယာဉ်နဲ့ ရဟတ်ယာဉ်ပျက်ကျမှု တစ်ဒါဇင်လောက်ရှိလာ

အာဏာသိမ်းမှု လေးနှစ်ကျော်မှာ စစ်အာဏာရှင်စနစ်တော်လှန်ရေးတိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့ လေတပ်ကနေ တိုက်လေယာဉ်အပါအဝင် ပို့ဆောင်ရေးရဟတ်ယာဉ်နဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ် ပျက်ကျမှုပေါင်း တစ်ဒါဇင်လောက် ရှိလာပါတယ်။

အဲဒီလေယာဉ်တွေဟာ ကချင်၊ ရှမ်းမြောက်၊ ကရင်နီ၊ ကရင်နဲ့ စစ်ကိုင်းတို့မှာ ပျက်ကျမှုဖြစ်ပွားခဲ့ပြီး တိုက်လေယာဉ် လေးစီးနဲ့ ရဟတ်ယာဉ် ခုနှစ်စီးလောက် ပါဝင်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေနဲ့ CDM တပ်အသိုင်းအဝိုင်းကနေ သိရပါတယ်။

ပျက်ကျခဲ့တဲ့ လေယာဉ်တွေဟာ တော်လှန်ရေးအင်အားစုတွေက တိုက်ပွဲအတွင်း ပစ်ချနိုင်ခဲ့တာလည်း ပါဝင်ပြီး ဇူလိုင် ၁ ရက်နေ့ကလည်း လေ့ကျင့်ပျံသန်းနေစဉ်အတွင်း ပျောက်ဆုံးသွားတဲ့ တိုက်လေယာဉ်တစ်စီးကိုပါ ထည့်တွက်ရင် ၁၂ စီးလောက် ရှိလာနေတာပါ။

စစ်ကောင်စီကတော့ ဒီလိုမျိုး လေယာဉ်တွေ ပျက်ကျပျက်စီးမှုတွေနဲ့ ပတ်သက်ပြီး အသေးစိတ် သတင်းထုတ်ပြန်တာ မရှိပေမယ့် တချို့တလေကိုတော့ စက်ချို့ယွင်းမှုကြောင့်လို့ ငြင်းချက်ထုတ်လေ့ရှိပါတယ်။

မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI ရဲ့ စစ်ဘက်သုတေသနတာဝန်ခံ ကိုနောင်ရိုးက ပစ်ချခံရတာအပါအဝင် စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးလေယာဉ် ၁၁ စီးလောက် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“စစ်ကောင်စီရဲ့ တိုက်လေယာဉ် စစ်ရဟတ်ယာဉ် တိုက်ခိုက်ရေးရဟတ်ယာဉ်အပါအဝင် ၁၀ စီးဝန်း ကျင်ရှိတယ်လို့ ကျွန်တော်တို့ အနေနဲ့ သုံးသပ်ရတယ်။ ဒါပေမယ့် မှတ်တမ်းတော့ ပြုစုမထားဘူး။ ၁ ရက်နေ့ ညပိုင်းက ပျက်ကျတဲ့ တိုက်လေယာဉ်အပါအဝင် ဆိုရင် အာဏာသိမ်းပြီးနောက်ပိုင်း တိုက် လေယာဉ်၊ တိုက်ခိုက်ရေးရဟတ်ယာဉ် ပို့ဆောင်ရေးရဟတ်ယာဉ် အားလုံးပေါင်း ၁၁ စီး ဝန်းကျင်ဖြစ်မယ်လို့ ကျွန်တော်တို့ ပြောလို့ရတယ်ဗျ” လို့ ဆိုပါတယ်။

ဇူလိုင် ၁ ရက်နေ့ ညပိုင်းအချိန်မှာ လေတပ်ကနေ တိုက်ခိုက်ရေး လေယာဉ်တစ်စီး လေ့ကျင့်ပျံသန်းနေစဉ် စက်ချွတ်ယွင်းမှု ဒါမှမဟုတ် ရာသီဥတုဆိုးရွားမှုကြောင့် ပျောက်ဆုံးသွားတယ်လို့ စစ်ကောင်စီက ဇူလိုင် ၃ ရက်နေ့မှာ သတင်းထုတ်ပြန်လာပါတယ်။

ပျောက်သွားတဲ့ လေယာဉ်က နေပြည်တော်ရဲ့ အရှေ့တောင်ဘက် ၁၃၀ ကီလိုမီတာအကွာမှာ ရုတ်တရက် ရေဒါမြင်ကွင်းကနေ ပျောက်ကွယ်ခဲ့တာဖြစ်ပြီး ဆက်သွယ်မှု ပြတ်တောက်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။

လေယာဉ်အမျိုးအစား အသေးစိတ်ကို မထုတ်ပြန်ပေမယ့် လောဆယ် ဆက်သွယ်မှု ပြတ်တောက်သွားတဲ့ အနီးတဝိုက်မှာ ရှာဖွေမှုတွေ လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီ ဝါဒဖြန့်သတင်းစာတွေမှာ အသိပေးထားတာပါ။

စစ်ကောင်စီ လေယာဉ်ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေက သူတို့ ပစ်ချခဲ့တာ ဖြစ်တယ်လို့ ဇူလိုင် ၃ ရက်နေ့မှာ မှတ်တမ်းဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန်လာပါတယ်။

၁၀၂၇ စစ်ဆင်‌ရေးအလွန်မှာ စစ်ကောင်စီက စစ်နည်းဗျူဟာအရ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ခဲ့ပြီး အဆင့်မြင့်နည်းပညာတွေနဲ့ ဝေဟင်စစ်ဆင်ရေးတွေကို ၂၀၂၄ အစောပိုင်းကစပြီး အားသာချက်အဖြစ် အသုံးပြုလာနေတာပါ။

တော်လှန်ရေးအဖွဲ့တွေလှုပ်ရှားတဲ့ နေရာတွေနဲ့ ထိန်းချုပ်နယ်မြေတွေမှာရှိတဲ့ အများပြည်သူဆိုင်ရာ ပစ်မှတ်တွေကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ရေးလေယာဉ်တွေနဲ့ ဗုံးကြဲမှုတွေ ဆက်တိုက်လုပ်‌ဆောင်နေတာ ဖြစ်ပါတယ်။

ဒီအတွက်ကြောင့် လေယာဉ်တွေ ပစ်ချခံရတာ ပျက်ကျတာတွေ ရှိလာခဲ့ပေမယ့် လေကြောင်းအရေးသာမှုသာ မရှိရင် စစ်ကောင်စီ စစ်ရှုံးမှာဖြစ်လို့ မဖြစ်မနေ ဗရမ်းဗတာ သုံးနေတာလို့ CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ပါတယ်။

“နွေဦးတော်လှန်ရေးကာလမှာ လေယာဉ် ရဟတ်ယာဉ်တွေ ပျက်ကျတာရော ပစ်ချခံရတာရော တစ်ဒါဇင်အထက်ကို ရှိလာပြီ။ ဒါပေမယ့် ဒီလိုမျိုး ပစ်ချတာတွေ ပျက်ကျတာတွေ ရှိလာပေမယ့် လေကြောင်းတိုက်ခိုက်မှုက ဘာလို့ လျော့မသွားလဲဆိုတော့ ဒီလေကြောင်းအရေးသာမှုသာ မရှိရင် စစ်တပ်ဟာ စစ်ရှုံးပြီ။ အဲဒီတော့ သူတို့မဖြစ်မနေ သုံးရတယ်။ ပြီးတော့လည်း လေကြောင်းကလည်း နွေဦးတော်လှန်‌ရေးကျမှတင် အသုံးများလာတာပေါ့။ ဟိုအရင် နွေဦးမတိုင်ခင်က လေကြောင်းသုံးစွဲတယ်ဆိုတာ ဒီလိုမျိုး သုံးချင်တိုင်း ဗရမ်းဗတာသုံးလို့ မရဘူး။ အခုက ဗရမ်းဗတာသုံးလို့ရတဲ့ အနေအထားပေါ့” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၀ ရက်နေ့က စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ တိုက်လေယာဉ်တစ်စီးကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA က ပစ်ချနိုင်ခဲ့ပြီး မီးလောင်ပျက်စီးသွားတဲ့ လေယာဉ်အပိုင်းအစတွေကိုပါ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

မေ ၂၀ ရက်နေ့မှာလည်း ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ စစ်ကူလာပို့တဲ့ ရဟတ်ယာဉ် သုံးစီးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ပစ်ခတ်ရာမှာ Mi-17 အမျိုးအစား ရဟတ်ယာဉ် ၂ စီး ထိမှန်ပြီး တစ်စီးပျက်ကျကာ ကျန်တစ်စီးဟာ အရေးပေါ်ဆင်းသက်ခဲ့ရတာ ဖြစ်ပါတယ်။

Photo credit - social media
December 4, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာမှာ စစ်ကော်မရှင် ရွေကောက်ပွဲ ဆန့်ကျင်ရေး...
Photo credit - social media
December 3, 2025
အာဏာသိမ်း စစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေး ပဋိပက္ခပြသနာတွေကို...
photo credit - CJ
December 2, 2025
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စပ်ပြဲကျေးရွာထဲ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့်...
Photo credit - MOI
December 1, 2025
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကော်မရှင် လစဉ်ဖွင့်လှစ်နေတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းအတွက်...