မွန်ပြည်နယ်က နိုင်ငံရေးပါတီတချို့ ပါတီထဲဝင်ကြဖို့ လိုက်လံစည်းရုံးနေ

မွန်ပြည်နယ်က နိုင်ငံရေးပါတီတချို့ ပါတီထဲဝင်ကြဖို့ လိုက်လံစည်းရုံးနေ

မွန်ပြည်နယ်မှာ စစ်ကောင်စီ ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေက ပြည်သူတွေအနေနဲ့ သူတို့ပါတီတွေထဲ ဝင်ရောက်ကြဖို့ လိုက်လံစည်းရုံးတာတွေ ရှိနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီထံကနေ နိုင်ငံရေးပါတီအဖြစ် ပါတီမှတ်ပုံတင်ရရှိထားတဲ့ နိုင်ငံရေးပါတီတချို့ဟာ ဒေသခံပြည်သူတွေကို မတ်လုံးပေး စည်းရုံးတာ၊ ရွေးကောက်ပွဲအလွန် ပါတီဝင်တွေရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးမယ်ဆိုပြီး ပါတီထဲ ဝင်ကြဖို့ စည်းရုံးတာတွေ ရှိလာတာပါ။

ဒါ့အပြင် တခြားနိုင်ငံရေးပါတီကနေ ဘက်ကူးပြောင်းလာသူတွေကိုလည်း လက်ခံကြိုဆိုတာ၊ နိုင်ငံရေး အတွေ့အကြုံ ရှိသူတွေကိုလည်း နေရာတစ်ခုပေးပြီး ထားရှိတာတွေ လုပ်ဆောင်နေသလို မဲဆွယ်ကာလမှာ အင်းအားအများအပြား ပြသနိုင်ဖို့အတွက် ဒေသခံပြည်သူတွေကို ပါတီထဲဝင်ဖို့ နည်းအမျိုးမျိုးနဲ့ စည်းရုံးမှုတွေ ရှိလာတာ ဖြစ်ပါတယ်။

အမည်မဖော်လိုတဲ့ မွန်ပြည်နယ် ဒေသခံတစ်ဦးက ပါတီထဲဝင်ကြဖို့ စည်းရုံးမှုတွေမှာ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံမှု ပိုလုပ်နေတာတဲ့ နိုင်ငံရေးပါတီတွေ အများဆုံး တွေ့နေရပြီး စီးပွားရေးအဆင်မပြေတဲ့ မိသားစုတွေကို အဓိက ပစ်မှတ်ထားတယ်လို့ ပြောပါတယ်။

နိုင်ငံရေးပါတီတွေရဲ့ မတ်လုံးပေးစည်းရုံးမှုကြောင့် တချို့ဒေသခံတွေဟာ ပါတီဝင်အဖြစ် ဝင်‌ရောက်သွားတာ ရှိသလို တချို့တွေကတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို အယုံအကြည် မရှိတာကြောင့် ဝင်ရောက်တာ မရှိဘူးလို့ သူက ဆက်ပြောပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်က အထွေထွေရွေးကောက်ပွဲကို ဒီနှစ်ကုန်ပိုင်းနဲ့ လာမယ့် နှစ်အစမှာ ပြုလုပ်သွားမယ်လို့ ပြောကြားပြီးတဲ့နောက် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေက ပါတီဝင် အသစ်တွေကို လိုက်လံစည်းရုံးနေတာပါ။

ပါတီဝင်အဖြစ် စည်းရုံးရာမှာ မှတ်ပုံတင်မရရှိသေးတဲ့သူတွေ မှတ်ပုံတင်ရရှိရေး၊ မြေယာကိစ္စ ကူညီဆောင်ရွက်ပေးတာ၊ မိသားစုစားဝတ်နေရေး အဆင်ပြေစေရမယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ စည်းရုံးမှုတွေလည်း ရှိနေပါတယ်။

မွန်ပြည်နယ်မှာ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်သူ့ရှေ့ဆောင် ပါတီ၊ ပြည်သူ့ပါတီ၊ မွန်ညီညွတ်‌ရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ၊ အမျိုးသမီးပါတီ (မွန်)အပါအဝင် နိုင်ငံရေးပါတီတချို့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။

Most read this week

ဓါတ်ပုံ - MOI
August 10, 2026
ထိုင်း - မြန်မာ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးမှုများအပြီး နယ်စပ်ရှိ တော်လှန်ရေး...
August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...