မွန်ပြည်နယ်မှာ လာမယ့် စစ်မှုထမ်း အပတ်စဉ် ၁၅ အတွက် လူသစ်စုဆောင်းလာပြန်

မွန်ပြည်နယ်မှာ လာမယ့် စစ်မှုထမ်း အပတ်စဉ် ၁၅ အတွက် လူသစ်စုဆောင်းလာပြန်
ဓာတ်ပုံ - MOI
ဓာတ်ပုံ - MOI

မွန်ပြည်နယ်မှာ လာမယ့် စစ်မှုထမ်း အပတ်စဉ် ၁၅ အတွက် စစ်ကောင်စီဘက်က လူသစ်စုဆောင်းတာနဲ့ ကြိုတင်ပြင်ဆင်မှု လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေအပါအဝင် ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီဟာ လာမယ့် စစ်မှုထမ်းသင်တန်းအတွက် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို အခု ဇွန်လ နောက်ဆုံးအပတ်အတွင်း အစည်းအဝေးခေါ်ယူပြီး လူသစ်စုဆောင်းဖို့ ညွှန်ကြားလာတာပါ။

အဲဒီအစည်းအဝေးအတွင်း သတ်မှတ်အရေအတွက် ပြည့်မီအောင် အခုကတည်းက လူသစ်စုဆောင်းဖို့နဲ့ နောက်သင်တန်းတွေအတွက်ပါ လူသစ်ကြိုတင်စုဆောင်းထားဖို့လည်း ညွှန်ကြားထားတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အမည်မဖော်လိုတဲ့ မွန်ပြည်နယ် ဒေသခံ တစ်ဦးကတော့ စစ်ကောင်စီရဲ့ စစ်မှုထမ်းစစ်သားစုဆောင်းမှု အချို့ဖြစ်စဉ်တွေမှာ လင်မယားချင်းရန်ဖြစ်လို့ ရပ်ကွက်ရုံးထံ တိုင်ကြားပါက ယောင်္ကျားဖြစ်သူကို စစ်သားစုဆောင်းရေးတပ်ထဲ ပို့ဆောင်တာတွေအထိ ရှိလာတယ်လို့ ပြောပါတယ်။

“ရပ်ကွက်ထဲမှာ လင်မယားရန်ဖြစ်တယ်။ ယောက္ခမက သွားတိုင်တယ်။ မူးပြီးသောင်းကြမ်းနေလို့ သွားတိုင်တော့ ယောက္ခမက လျှော့လျှော့ပေါ့ပေါ့ တွက်တာပေါ့။ သူ့မိန်းမကလည်း မူးယစ်ရမ်းကားနဲ့ဖမ်းပြီး နောက်တစ်ပတ်နေလောက်ဆိုရင် ပြန်လွတ်မယ် ဘာညာနဲ့ အဲဒီလိုမျိုး တွေးပြီးတော့ တိုင်လိုက်တာ တစ်ခါတည်း ဖမ်းသွားပြီးတော့ စုဆောင်းရေးထဲ တိုက်ရိုက်ထည့်လိုက်တယ်။ အခုက ရန်ဖြစ်တာတို့ ဘာညာတို့ဆိုရင် ပြဿနာတစ်ခုခုတက်ရင် အဲဒီထဲကို ထည့်တာတွေက များတာပေါ့” လို့ ဆိုပါတယ်။

ဒါ့အပြင် တပ်သားသစ် စုဆောင်းတဲ့နေရာမှာ ဒေသခံတွေကို ညအချိန် ဖမ်းဆီးတာ၊ ဆိုင်ကယ် အမျိုးသား နှစ်ယောက် မစီးရ သတ်မှတ်ထားတဲ့ နေရာတွေမှာ နှစ်ယောက်စီးပါက ဖမ်းဆီးတာအပြင် လိုင်စင်မဲ့ယာဉ် စီးနင်းတဲ့သူတွေကိုလည်း ဖမ်းဆီးပြီး တပ်သားသစ် စုဆောင်းတာတွေ ရှိနေတာပါ။

မွန်ပြည်ကာကွယ်ရေးတပ် MSDF နိုင်ငံရေး၊ စစ်ရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ သီရိမွန်ချမ်း ကတော့ မွန်ပြည်နယ်မှာ စစ်မှုထမ်း သင်တန်းတွေ အဆက်မပြတ် လုပ်ဆောင်နိုင်တာဟာ တခြား ပြည်နယ်တွေထက် စစ်ရေး လှုပ်ရှားမှု အားနည်းနေသေးတာကြောင့်လို့ ပြောပါတယ်။

“မွန်ပြည်နယ်က တခြားပြည်နယ်တွေနဲ့စာရင် လောလောဆယ် တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေ အားနည်းနေသေးတဲ့အတွက် တပ်သားသစ် စုဆောင်းတဲ့နေရာမှာ အခြား ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေထက် ပိုပြီးလွယ်ကူလို့ ဒီတပ်သားသစ်တွေ စုဆောင်းပြီး စစ်မှုထမ်း သင်တန်းတွေ အဆက်မပြတ် လုပ်ဆောင်နိုင်တယ်လို့ သုံးသပ်ရမှာပါ” လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ နိုင်ငံအနှံ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ စစ်ရှုံးနေတာကြောင့် လစဉ်လတိုင်း မဖြစ်မနေ တပ်သားသစ် စုဆောင်းနေမှာ ဖြစ်တဲ့အတွက် ဒေသခံတွေအနေနဲ့ မတရား တပ်သားသစ် စုဆောင်းမခံရအောင် သတိထား သွားလာနေထိုင်ဖို့ လိုတယ်လို့ သူက တိုက်တွန်းပါတယ်။

တဖက်မှာတော့ စစ်ကောင်စီဟာ စစ်ရေးမှာ ရှုံးနိမ့်ပြီး သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေ သေဆုံးထိခိုက်မှု မြင့်တက်လာပြီးနောက် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အသက်သွင်းခဲ့တာပါ။

အခုလို ပြည်သူ့ စစ်မှုထမ်းဥပ‌ဒေကို ပြန်လည် အသက်သွင်းပြီးနောက် စစ်ကောင်စီဟာ သူတို့ ထိန်းချုပ်ထားနိုင်တဲ့ မွန်ပြည်နယ်မှာ လစဉ် စစ်မှုထမ်း သင်တန်းတွေကို ဖွင့်လှစ်လာတာ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁၄ အထိ ရှိလာပြီးဖြစ်ပါတယ်။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကောင်စီက ဖွင့်လှစ်နေတဲ့ စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၁၄ ထိ ဒေသတွင်းမှာ စစ်မှုထမ်းဖို့အတွက် စစ်သားစုဆောင်းခံရသူပေါင်း ၂၃၀၀ ဝန်းကျင်အထိ ရှိလာခဲ့ပါတယ်။

Photo credit - social media
December 4, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာမှာ စစ်ကော်မရှင် ရွေကောက်ပွဲ ဆန့်ကျင်ရေး...
Photo credit - social media
December 3, 2025
အာဏာသိမ်း စစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေး ပဋိပက္ခပြသနာတွေကို...
photo credit - CJ
December 2, 2025
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စပ်ပြဲကျေးရွာထဲ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့်...
Photo credit - MOI
December 1, 2025
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကော်မရှင် လစဉ်ဖွင့်လှစ်နေတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းအတွက်...