ကော့ကရိတ်မြို့နယ်အတွင်း ဗုံးကြဲမှု ကလေးအပါအဝင် အရပ်သား ၆ ဦး သေဆုံး

ကော့ကရိတ်မြို့နယ်အတွင်း ဗုံးကြဲမှု ကလေးအပါအဝင် အရပ်သား ၆ ဦး သေဆုံး

ကရင်ပြည် ကော့ကရိတ်မြို့နယ်အတွင်း ဗုံးကြဲတိုက်ခိုက်မှုတွင် ကလေးများအပါအဝင် အရပ်သား ၆ ဦး သေဆုံးခဲ့သည်။

ကရင်ပြည်၊ ကော့ကရိတ်မြို့နယ်ထဲက ပိုင်ရပ်ကျေးရွာအုပ်စုထဲက ကညင်ကတိုက်ကျေးရွာမှ ကလေးများ စာသင်နေကြသည့် နေအိမ်အနီးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲခံခဲ့ရသောကြောင့် ကလေး ၃ ဦးအပါအဝင် လူကြီးတစ်ဦးက နေရာ၌ပင် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံ အမျိုးသားတစ်ဦးက “မနေ့က သေတာက ကလေး ၃ ယောက်၊ လူကြီးအမျိုးသား တစ်ယောက်သေတယ်။ သူတို့က အဲ့ဒီနေရာမှာတင် သေသွားတာ။ ဒဏ်ရာရတဲ့လူတွေကို ဆေးရုံပို့နေတုန်း ဆရာမတစ်ယောက် ထပ်သေတယ်။ ဒီနေ့ မနက်မှာ တစ်ယောက်ထပ်သေတယ်။ ဆိုတော့ အခုက သေဆုံးက ၆ ဦးဖြစ်သွားပြီ” ဟု ပြောသည်။

အဆိုပါ ဖြစ်စဉ်မှာ ဇွန်လ ၉ ရက်နေ့ မွန်းလွှဲပိုင်း ၂ နာရီ အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

လေကြောင်းဗုံးကြဲမှုကြောင့် ကလေးများအပါအဝင် အရပ်သား ၁၁ ဦးရှိရာ ၎င်းတို့အား ဆေးရုံသို့ဆောင်ကာ ဆေးကုသမှု ပေးနေရသည်ဟု ဆိုသည်။ ဒဏ်ရာ ရသူ ၁၁ ဦးအနက် နှစ်ဦးမှာ သေဆုံးသွားပြီ ဖြစ်၍ ကျန် ၉ ဦးမှာ မော်လမြိုင်ဆေးရုံ၌ ဆေးကုသမှု ဆက်လက်ခံယူနေရသည်ဟု ဆိုသည်။

လေကြောင်းမှာ ပစ်ချလိုက်သည့် ဗုံး ကျရောက်ပေါက်ကွဲသော နေအိမ်မှာ ကိုယ်ထူကိုယ်ထကျောင်းပုံစံမျိုးဖြင့် ကလေးများအား စာသင်ကြားပေးနေခြင်း ဖြစ်သည်။

အဆိုပါနေရာ၌ တိုက်ပွဲများ တစ်စုံတစ်ရာ ဖြစ်ပွားနေခြင်းမျိုးလည်း မရှိဘူးဟု ဒေသခံများက ဆိုသည်။

စစ်ရေး သတင်းအရင်းအမြစ် တစ်ဦးက “ကော့ကရိတ်မှာက တိုက်ပွဲဖြစ်တဲ့နေရာကလည်း ဖြစ်တာပဲ၊ မဖြစ်တဲ့ နေရာတွေကလည်း လက်နက်ကြီးရော၊ ဒီလေယာဉ်ရော ဒရုန်းရော ကြောက်နေရတာ။ ကလေးတွေအတွက် စိုးရိမ်လို့ ကျောင်းမှာ စာမသင်ဘဲ အိမ်မှာ သင်နေကြတာ။ အခု အိမ်မှာသင်နေတုန်း ဒီလိုမျိုး ထပ်ဖြစ်တော့ အားလုံး ကြောက်လန့်နေပြီ” ဟု ပြောသည်။

စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက် လုပ်နေသောကြောင့် ကျောင်းမတက်ရဲ ကြဘဲ အများစုမှာ နေအိမ်များ၌ ကလေးများကို ခေါ်၍ စာသင်ပေးနေကြခြင်း ဖြစ်သည်။

ကညင်ကတိုက်ကျေးရွာထဲသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီးနောက် ကျုံဒိုး၊ အုန်းတစ်ပင်၊ အင်းကြီးကျေးရွာများဘက်သို့လည်း လေကြောင်းမှ ဆက်လက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု မြေပြင် စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။

ယခု လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရသည့် ပိုင်ရပ်ကျေးရွာအုပ်စုထဲက ကညင်ကတိုက်ကျေးရွာမှာ ကရင်ပြည်နှင့် မွန်ပြည်အစပ် ကရင်ပြည်ဘက်ခြမ်းထဲတွင်ရှိသည့် ကျေးရွာဖြစ်သည်။

December 1, 2025
တနင်္သာရီတိုင်းတွင် စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ဥပဒေဖြင့် ဒေါင်းနက်အဖွဲ့ အပါအဝင် ဆန့်ကျင်သူများ...
November 28, 2025
ကချင်ပြည်ရှိ ဖားကန့်၊ ဝိုင်းမော်နှင့် ဗန်းမော်မြို့နယ်များတွင် စစ်ရေးတင်းမာမှုများ...
November 27, 2025
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ အနောက်ခြမ်းရှိ စစ်ဘေးရှောင်စခန်း ၂၆ ခု၌...
November 26, 2025
ကိုးကန့်တပ်မတော် MNDAA မှ တပ်ဆုတ်ရန် ငြင်းပယ်မှုကြောင့် ရှမ်းပြည် မြောက်ပိုင်း၊...