ကော့ကရိတ်မြို့နယ်အတွင်း ဗုံးကြဲမှု ကလေးအပါအဝင် အရပ်သား ၆ ဦး သေဆုံး

ကော့ကရိတ်မြို့နယ်အတွင်း ဗုံးကြဲမှု ကလေးအပါအဝင် အရပ်သား ၆ ဦး သေဆုံး

ကရင်ပြည် ကော့ကရိတ်မြို့နယ်အတွင်း ဗုံးကြဲတိုက်ခိုက်မှုတွင် ကလေးများအပါအဝင် အရပ်သား ၆ ဦး သေဆုံးခဲ့သည်။

ကရင်ပြည်၊ ကော့ကရိတ်မြို့နယ်ထဲက ပိုင်ရပ်ကျေးရွာအုပ်စုထဲက ကညင်ကတိုက်ကျေးရွာမှ ကလေးများ စာသင်နေကြသည့် နေအိမ်အနီးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲခံခဲ့ရသောကြောင့် ကလေး ၃ ဦးအပါအဝင် လူကြီးတစ်ဦးက နေရာ၌ပင် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံ အမျိုးသားတစ်ဦးက “မနေ့က သေတာက ကလေး ၃ ယောက်၊ လူကြီးအမျိုးသား တစ်ယောက်သေတယ်။ သူတို့က အဲ့ဒီနေရာမှာတင် သေသွားတာ။ ဒဏ်ရာရတဲ့လူတွေကို ဆေးရုံပို့နေတုန်း ဆရာမတစ်ယောက် ထပ်သေတယ်။ ဒီနေ့ မနက်မှာ တစ်ယောက်ထပ်သေတယ်။ ဆိုတော့ အခုက သေဆုံးက ၆ ဦးဖြစ်သွားပြီ” ဟု ပြောသည်။

အဆိုပါ ဖြစ်စဉ်မှာ ဇွန်လ ၉ ရက်နေ့ မွန်းလွှဲပိုင်း ၂ နာရီ အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

လေကြောင်းဗုံးကြဲမှုကြောင့် ကလေးများအပါအဝင် အရပ်သား ၁၁ ဦးရှိရာ ၎င်းတို့အား ဆေးရုံသို့ဆောင်ကာ ဆေးကုသမှု ပေးနေရသည်ဟု ဆိုသည်။ ဒဏ်ရာ ရသူ ၁၁ ဦးအနက် နှစ်ဦးမှာ သေဆုံးသွားပြီ ဖြစ်၍ ကျန် ၉ ဦးမှာ မော်လမြိုင်ဆေးရုံ၌ ဆေးကုသမှု ဆက်လက်ခံယူနေရသည်ဟု ဆိုသည်။

လေကြောင်းမှာ ပစ်ချလိုက်သည့် ဗုံး ကျရောက်ပေါက်ကွဲသော နေအိမ်မှာ ကိုယ်ထူကိုယ်ထကျောင်းပုံစံမျိုးဖြင့် ကလေးများအား စာသင်ကြားပေးနေခြင်း ဖြစ်သည်။

အဆိုပါနေရာ၌ တိုက်ပွဲများ တစ်စုံတစ်ရာ ဖြစ်ပွားနေခြင်းမျိုးလည်း မရှိဘူးဟု ဒေသခံများက ဆိုသည်။

စစ်ရေး သတင်းအရင်းအမြစ် တစ်ဦးက “ကော့ကရိတ်မှာက တိုက်ပွဲဖြစ်တဲ့နေရာကလည်း ဖြစ်တာပဲ၊ မဖြစ်တဲ့ နေရာတွေကလည်း လက်နက်ကြီးရော၊ ဒီလေယာဉ်ရော ဒရုန်းရော ကြောက်နေရတာ။ ကလေးတွေအတွက် စိုးရိမ်လို့ ကျောင်းမှာ စာမသင်ဘဲ အိမ်မှာ သင်နေကြတာ။ အခု အိမ်မှာသင်နေတုန်း ဒီလိုမျိုး ထပ်ဖြစ်တော့ အားလုံး ကြောက်လန့်နေပြီ” ဟု ပြောသည်။

စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက် လုပ်နေသောကြောင့် ကျောင်းမတက်ရဲ ကြဘဲ အများစုမှာ နေအိမ်များ၌ ကလေးများကို ခေါ်၍ စာသင်ပေးနေကြခြင်း ဖြစ်သည်။

ကညင်ကတိုက်ကျေးရွာထဲသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီးနောက် ကျုံဒိုး၊ အုန်းတစ်ပင်၊ အင်းကြီးကျေးရွာများဘက်သို့လည်း လေကြောင်းမှ ဆက်လက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု မြေပြင် စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။

ယခု လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရသည့် ပိုင်ရပ်ကျေးရွာအုပ်စုထဲက ကညင်ကတိုက်ကျေးရွာမှာ ကရင်ပြည်နှင့် မွန်ပြည်အစပ် ကရင်ပြည်ဘက်ခြမ်းထဲတွင်ရှိသည့် ကျေးရွာဖြစ်သည်။

Most read this week

September 7, 2026
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့ပေါ်တွင် စစ်အုပ်စုတပ်က ယာဉ်ထိန်းရဲ၊...
ချင်းတော်လှန်ရေး တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ် / Crd - ပုံဟောင်း
September 7, 2026
စစ်အုပ်စုက ချင်းပြည်ရှိ မြို့အချို့ကို ပြန်လည် ထိန်းချုပ်ထားနိုင်သော်လည်း ၎င်းတို့၏ အုပ်ချုပ်ရေး...
ဓါတ်ပုံ - Crd
September 5, 2026
ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးအဆင်းရှိ အာရက္ခတပ်တော်...
ဓာတ်ပုံ - ဒေါနတနင်္သာရီ - စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့
September 5, 2026
မွန်ပြည်၊ ကရင်ပြည်နှင့် တနင်္သာရီတိုင်းတို့တွင် စစ်အုပ်စုတပ်၏ စစ်ကြောင်းထိုးမှုနှင့် လေကြောင်း...