ငှက်ဖျားနှင့် ရာသီတုပ်ကွေး ပိုမိုကူးဆက်လာ၍ ဆေးဝါးအကူအညီများ လိုအပ်နေဟု CDF - အရှို ပြော

ငှက်ဖျားနှင့် ရာသီတုပ်ကွေး ပိုမိုကူးဆက်လာ၍ ဆေးဝါးအကူအညီများ လိုအပ်နေဟု CDF - အရှို ပြော

အရှိုချင်းကာကွယ်ရေးတပ် (CDF-Asho) ထိန်းချုပ်နယ်မြေမှာ ၂ လအတွင်း ငှက်ဖျားနှင့် ရာသီတုပ်ကွေးရောဂါများ ဖြစ်ပွားနေပြီး  ရဲဘော်များအပါအဝင် ဒေသခံပြည်သူ ၁၀၀ ဝန်းကျင်တွင် ကူးဆက်မှုရှိခဲ့သည်ဟု သိရသည်။

မိုးဦးကာလ ရောက်လာပြီဖြစ်သည့်အတွက် ရဲဘော်များသာမက CDF - အရှို စစ်ဆင်ရေးလှုပ်ရှားရာ နယ်မြေဒေသရှိ ပြည်သူများမှာလည်း ရာသီတုပ်ကွေးနှင့် ငှက်ဖျားရောဂါများ ပိုမိုဖြစ်ပွားလာ၍ ဆေးဝါးအကူအညီများကို တောင်းခံကြောင်း CDF - အရှိုက ပြောသည်။

“အဓိကက ရှေ့တန်းရဲဘော်တွေ အဖြစ်များတယ်။ ရှေ့တန်းစစ်ဆင်ရေးနယ်မြေမှာနေတဲ့ ရဲဘော်တွေဖြစ်တယ်။ ဖြစ်လို့ရှိရင် စခန်းတွေကို ပို့ရတယ်။ ပို့ရတော့ အရပ်သားပြည်သူတွေနဲ့ ဆက်စပ်မှုရှိတယ်ဆိုတော့ ရဲဘော်တွေဆီကပဲ အရပ်သားတွေဆီကို ကူးတယ်လို့ ပြောရမယ်။ တောထဲမှာ နေထိုင်တာဖြစ်လို့ ခြင်ကိုင်တာကို မကာကွယ်နိုင်တာကနေ ဖြစ်တာပါ။ ပြီးခဲ့တဲ့နှစ်က အရပ်သားပြည်သူ မဖြစ်သလောက်ကို ရှားပါတယ်။ မစစ်မိတာ ပါချင်ပါမယ်။ ဒီနှစ်က သေချာစစ်ကြတယ်။ အထူးသဖြင့် ကျနော်တို့ ရဲဘော်တွေမှာကိုပဲ တနှစ်ထဲ နှစ်ခါဖြစ်တာ၊ တလထဲနဲ့ နှစ်ခါ၊ သုံးခါဖြစ်တာ ဒီလိုမျိုးတွေရှိတယ်” ဟု CDF - Asho မှ တာဝန်ရှိသူ ဆလိုင်းရိုးချင်းက ပြောသည်။

ယခုနှစ် ဧပြီနှင့် မေလမှာ အရပ်သားပြည်သူများနှင့် CDF - အရှိုရဲဘော်တို့တွင် ရာသီတုပ်ကွေးနှင့် ငှက်ဖျားရောဂါ အယောက် ၁၀၀ ဝန်းကျင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မေလ (၁) လအတွင်းမှာပင် CDF - Asho ရဲဘော် ၂၀ ကျော်နှင့် ဒေသခံပြည်သူ ၁၀ ဦးခန့်သည် ငှက်ဖျားရောဂါများ ဖြစ်ပွားခဲ့ပြီး အဓိကအားဖြင့် ရဲဘော်များတွင် ဖြစ်ပွားနေခြင်းဖြစ်သည်ဟု သိရသည်။

ငှက်ဖျားရောဂါဖြစ်ပွားမှုတွင် ၈ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦးပါဝင်ပြီး အသက်အရွယ်စုံမှာ ဖြစ်ပွားကြောင်း၊ တချိုလူနာတွင် ဦးနှောက်ကို ငှက်ဖျားပိုးဝင်မှုပင်ရှိကြောင်း သိရသည်။

ငှက်ဖျားဆေးဝါးမှာလည်း အလွယ်တကူ ဝယ်ယူ၍မရရှိသောကြောင့် ရနိုင်သော နည်းလမ်းပေါင်းစုံဖြင့် ဝယ်ယူ၍ ကုသပေးနေရကြောင်း၊ အထိုင်ဆေးခန်း ၁ ခု၊ မိုဘိုင်းဆေးခန်း ၁ ခုဖြင့် ကုသပေးနေသော်လည်း ဆေးဝါကုသနိုင်မှုမှာ လုံလောက်မှုမရှိဖြစ်နေသည်ဟု သိရသည်။

“ဒါက (ကုသမှု) လုံလောက်မှုတော့ မရှိနိုင်ပါဘူး။ ကျနော်တို့ကိုယ်တိုင်လည်း အကုန်လုံးကို မဖြန့်ကျက်နိုင်တာလည်းပါတယ်။ ဆေးဝါးရရှိမှု ခက်ခဲတာရယ်။ ဝယ်လို့ရတဲ့ ဆေးတွေကြလည်း သယ်ရတာ ခက်ခဲတယ်။ ဝယ်ရတာ ခက်ခဲတယ်။ လမ်းကြောင်းခက်ခဲတယ်။ ကျနော်တို့ကလည်း ရန်ပုံငွေ အခက်အခဲကြောင့် များများ သိုလှောင်မထားနိုင်ဘူး။ ဒီလို စိန်ခေါ်မှုတွေတော့ရှိတယ်” ဟု CDF - Asho မှ တာဝန်ရှိသူ ဆလိုင်းရိုးချင်းက ပြောသည်။

၂၀၂၄ ခုနှစ်က CDF - အရှိုတပ်တွင် ငှက်ဖျားရောဂါဖြစ်ပွားမှုသည် ၁၀ ဦးဝန်းကျင်သာရှိခဲ့သော်လည်း ယခုနှစ် ၂၀၂၅ မိုးဦးကာလမှာပင် ရဲဘော် ၂၀ ကျော်အထိ မြင့်တက်လာခဲ့သည်။

၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်တွင် စစ်ဆင်ရေးလှုပ်ရှားမှုနယ်မြေအတွင်း ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုများ ပိုမိုပြုလုပ်ပေးလာနိုင်သောကြောင့် ဆေးဝါးလိုအပ်ချက်မှာလည်း ပိုမိုများပြားလာသည်ဟု သိရသည်။

ရဲဘော်များသာမက ကလေးငယ်၊ သက်ကြီးရွယ်အိုနှင့် ကိုယ်ဝန်ဆောင်များကိုလည်း ဆေးဝါးကုသပေးနေရသောကြောင့် ကလေး၊ ကိုယ်ဝန်ဆောင်မိခင်တို့နှင့်ပတ်သက်သည့် ဆေးဝါးများ၊ ဒေသခံတို့အတွက် သားဆက်ခြားပစ္စည်းနှင့် ဆေးဝါးများပါ လိုအပ်ချက်များရှိနေကြောင်း၊ ပြည်တွင်း/ပြည်ပ ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင် ပံ့ပိုးပေးကြရန် CDF - အရှိုက တိုက်တွန်းထားသည်။

December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
Photo credit - CJ
December 2, 2025
စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ပတ်ဝန်းကျင်တစ်ဝှိုက်...