ကျောက်ဖြူတွင် စစ်ကောင်စီ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ၍ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရ

ကျောက်ဖြူတွင် စစ်ကောင်စီ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ၍ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရ

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့်ဗုံးကြဲ၍ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

ကျောက်ဖြူမြို့နယ်တွင် အာရက္ခတပ်တော် (AA) က ပြီးခဲ့သည့်ရက်ပိုင်းကသိမ်းပိုက်ထားသည့် မင်းတက်တောင်စခန်းပတ်ဝန်းကျင်အနီးအနားကို စစ်ကောင်စီက ယမန်နေ့ မေလ ၂၂ ရက်၊ ညနေပိုင်းတွင် ဂျက်ဖိုက်တာတစ်စီးဖြင့် ဗုံးကြဲခဲ့သဖြင့် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးနှင့် အမျိုးသားနှစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု ကျောက်ဖြူဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

"မင်းတက်တောင်နဲ့ တစ်မိုင်ဧရိယာဝန်းကျင်အနီးအနားတဝိုက်ကို ဂျက်နဲ့ကြဲတာ။ ဗုံးကြဲလို့ ဒေသခံတွေထွက်ပြေးရင်းနဲ့ ဗုံးစထိသွားတာ။ လက်ရှိ သိရသလောက် သုံးယောက်ရတယ်။ စစ်ဘေးရှောင်နေရင်း ခံရတာ။ မင်းတက်တောင်ရွာကလား၊ တခြားရွာကလား မသိနိုင်သေးဘူး။ ဖုန်းလိုင်းက မရဘူး။ ဒဏ်ရာရတာကတော့ သေချာပါတယ်။ ဒီထက်လည်းများနိုင်ပါတယ်" ဟု ပြောသည်။

ကျောက်ဖြူမြို့နယ်၊ မင်းတက်တောင်ကျေးရွာရှိ စစ်ကောင်စီ၏ကာကင်းစခန်းနှင့် အစိုးရစက်မှုလက်မှုသင်တန်းကျောင်းတွင် တပ်စွဲထားသည့်စခန်းတို့ကို AA က မေလ ၁၉ ရက်တွင် အပြီးသတ်သိမ်းပိုက်လိုက်နိုင်ခြင်းဖြစ်သည်။

အဆိုပါတပ်စခန်းများအနီးတွင် မေလ ၁ ရက်မှစတင်ကာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရာမှ AA နှင့် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

လက်ရှိတွင် AA သိမ်းပိုက်ထားသည့် မင်းတက်တောင်ပတ်ဝန်းကျင်ကို စစ်ကောင်စီဖက်မှ ဒရုန်း၊ ဂျက်ဖိုက်တာများဖြင့် ဗုံးကြဲတိုက်ခိုက်မှုများရှိနေပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများရှိနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်ကလည်း ကျောက်ဖြူမြို့နယ်၊ ရေနံတောင်ကျေးရွာကို စစ်ကောင်စီက အသေခံဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် အသက် ၆ဝ ကျော်အရွယ် စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးသေဆုံးပြီး အမျိုးသားနှစ်ဦး ဒဏ်ရာရသွားခဲ့သည်။

အလားတူ ဧပြီလ ၂၅ ရက်ကလည်း ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ရွာကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲ၍ အမျိုးသမီးသုံးဦးသေဆုံးခဲ့ရသည်။

ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီတပ်က နေ့စဉ်ရက်ဆက် ဒရုန်းအပါအဝင် အခြေစိုက်တပ်ရင်းများမှ လက်နက်ကြီးကျည်များဖြင့်ပစ်ခတ်သည့်အပြင် ဂျက်ဖိုက်တာဖြင့်လည်း ဗုံးကြဲမှုများရှိနေသည့်အတွက် ဒေသခံများ ထပ်မံ၍ ထွက်ပြေးနေရကြောင်း ကျောက်ဖြူဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

"စစ်ကောင်စီဖက်က ဒရုန်းတွေနဲ့ပစ်၊ လက်နက်မျိုးစုံနဲ့ပစ်ခတ်နေတော့ တရွာပြီးတရွာကို အသက်လုပြီးထွက်ပြေးနေရတယ်။ ထွက်ပြေးနေရတော့ စားဝတ်နေရေးကအနေအထိုင်ကအစ ကျပ်တည်းတယ်" ဟု ပြောသည်။

AA က ကျောက်ဖြူရှိ စစ်ကောင်စီကာကင်းစခန်းနှစ်ခုကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်ရှိ တရုတ်ဓာတ်အား‌ဖြန့်ဖြူးရေးနှင့် စွန့်ပစ်စက်ရုံ (OGT) နှင့်ဧရိယာဝန်းကျင်သို့ဆုတ်ခွာပြီး AA ကို ခုခံတိုက်ခိုက်နေသည်ဟုလည်း သိရသည်။

ရိက္ခာပြတ်ရာမှ ၆၆၆ ပွိုင့်ကုန်းက အတင်းတိုးထွက်လာသော စစ်တပ်စစ်ကြောင်း AA ဆီမှာ ချေမှုန်းခံရ
December 4, 2025
စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် ပွိုင့် ၆၆၆ စခန်းမှထွက်ခွာလာတဲ့ စစ်အုပ်စု စစ်ကြောင်းတစ်ခုကို...
December 3, 2025
မကွေးတိုင်း၊ မင်းတုန်းမြို့တွင် စစ်ရှောင်နေသည့် ရခိုင်လူငယ်သုံးဦးသည် အကြမ်းဖက်စစ်တပ်ထံ...
December 2, 2025
အာရက္ခတပ်တော် (AA)သည် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ သိုင်းချောင်းဆည်နှင့် မင်းပြင် မိုးလေဝသ...