TNLA ထိန်းချုပ် မန်တုံမြို့နှင့် မိုင်းငေါ့မြို့ကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ၊ အရပ်သား ၁ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရ

TNLA ထိန်းချုပ် မန်တုံမြို့နှင့် မိုင်းငေါ့မြို့ကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ၊ အရပ်သား ၁ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရ
TNLA ထိန်းချုပ် မန်တုံမြို့ အောင်ချမ်းသာရပ်ကွက်ထဲ စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲပြီးနောက် ထိခိုက်ပျက်စီးမှု။ (ဓာတ်ပုံ – ဒေသခံ)
TNLA ထိန်းချုပ် မန်တုံမြို့ အောင်ချမ်းသာရပ်ကွက်ထဲ စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲပြီးနောက် ထိခိုက်ပျက်စီးမှု။ (ဓာတ်ပုံ – ဒေသခံ)

သျှမ်းပြည် မန်တုံမြို့နှင့် မိုင်းငေါ့မြို့တို့ကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားတစ်ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (မေလ ၁၂ ရက်) ည ၁၀ နာရီခွဲဝန်းကျင်တွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် မန်တုံမြို့ပေါ်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အောင်ချမ်းသာရပ်ကွက်ရှိ လူနေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံး၍ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

“တစ်ယောက်တော့ ဆုံးသွားပြီ၊ အောင်ချမ်းသာဘက် အိမ်ပေါ်တည့်တည့်ကျတော့လေ။ ဒဏ်ရာရတဲ့လူ ၅ ယောက်လောက်ရှိတယ်။ နောက်ပြီးတော့ တခြားအိမ် ၅ လုံး၊ ၆ လုံးလောက်က လုံးဝ ပြန်နေလို့ မရတော့ဘူး” ဟု မန်တုံမြို့ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မန်တုံမြို့ပေါ် လူနေရပ်ကွက်အတွင်း စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုကြောင့် အောင်ချမ်းသာရပ်ကွက်ရှိ ပြည်သူနေအိမ် ၁၀ လုံးကျော် ထိခိုက်ပျက်စီးသွားပြီး နေအိမ် ၆ လုံးမှာ လူဝင်နေ၍ မရတော့လောက်အောင် လုံးဝ ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

အလားတူ ယမန်နေ့ ည (၇) နာရီခွဲခန့်တွင်လည်း TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့ကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ၄ ကြိမ်၊ ဗုံး (၄) လုံး ကြဲချတိုက်ခိုက်ခဲ့ရာ တာလုံရပ်ကွက်ရှိ စာသင်ကျောင်းအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် မေလ ၅ ရက် ညပိုင်းတွင်လည်း မိုင်းငေါ့မြို့အနီးရှိ ကွမ်းစလန်းရွာသို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီဘက်မှ မေလ ၆ ရက်မှ ၃၁ ရက်အထိ ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကာလအဖြစ် ထပ်မံသက်တမ်းတိုးမြှင့်လိုက်ကြောင်း ထုတ်ပြန်ခဲ့သော်လည်း TNLA ထိန်းချုပ် နယ်မြေထဲသို့ မြေပြင်ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်း၊ ဒရုန်းနှင့် လေကြောင်းဖြင့် နေ့စဉ်အသုံးပြု တိုက်ခိုက်လျက်ရှိကြောင်း TNLA ဘက်မှ ပြောဆိုထားသည်။

လက်ရှိတွင် ညီနောင်မဟာမိတ်များဘက်မှ မေလ (၁) ရက်မှ (၃၁) ရက်နေ့အထိ တစ်လတာ ထပ်မံအပစ်ရပ်ထားခြင်းကြောင့် TNLA အနေဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခြင်း ပြုလုပ်မည် မဟုတ်ဘဲ စစ်ကောင်စီတပ်၏ စစ်ရေးလှုပ်ရှားမှုကို စောင့်ကြည့်ကာ မိမိကိုယ်မိမိ ခုခံ ကာကွယ်ပိုင်ခွင့်ကိုသာ ဆောင်ရွက်မည်ဖြစ်ကြောင်း မေလ ၄ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် TNLA သတင်းစာရှင်းလင်းပွဲ၌ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဧပြီလ (၂၈) ရက်မှ (၂၉) နေ့အထိ တရုတ်နိုင်ငံ ကူမင်းမြို့တွင်ပြုလုပ်သော စစ်ကောင်စီနှင့် TNLA တို့ ဆွေးနွေးပွဲတွင် စစ်ကောင်စီဘက်မှ TNLA ထိန်းချုပ်ထားသည့် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နှင့် မိုးမိတ် မြို့ (၅) မြို့မှ တပ်ဆုတ်ခွာပေးရန် တောင်းဆိုခဲ့ရာ TNLA ဘက်မှ လက်မခံ၍ ဆွေးနွေးမှု မအောင်မြင်ခဲ့ပြီးနောက် TNLA ထိန်းချုပ်နယ်မြေထဲ စစ်ကောင်စီတပ်မှ စစ်ရေးဖိအားပေးမှုများ ဆက်တိုက်လုပ်ဆောင်လာနေသည်။

Most read this week

Photo credit - CJ
December 4, 2025
သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့်...
December 3, 2025
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး ၅ နှစ်ကြာခဲ့ပြီးနောက် စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်သည်...
December 1, 2025
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအနီးရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/...