မွန်ပြည်နယ်မှာ လောင်းကစားဝိုင်းတွေကြောင့် ခိုးဆိုးလုယက်မှု‌တွေ ဆိုးဆိုးဝါးဝါး ဖြစ်ပွားနေ

မွန်ပြည်နယ်မှာ လောင်းကစားဝိုင်းတွေကြောင့် ခိုးဆိုးလုယက်မှု‌တွေ ဆိုးဆိုးဝါးဝါး ဖြစ်ပွားနေ

မွန်ပြည်နယ်တဝန်းမှာ စစ်ကောင်စီက လောင်းကစားဝိုင်းတွေကို တရားဝင်သဖွယ် ခွင့်ပြုပေးထားတာကြောင့် ဒေသတွင်းမှာ ခိုးဆိုးလုယက်မှုတွေ ဆိုးဆိုးဝါးဝါးဖြစ်ပွားနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီဟာ ဒေသတွင်းမှာ ဇာတ်ပွဲတွေနဲ့အတူ လောင်းကစားဝိုင်းတွေကို ခေါင်းစဉ်အမျိုးမျိုးနဲ့ ထည့်သွင်းကျင်းပခွင့်ပြုထားတဲ့အတွက် နေ့စဉ်နဲ့အမျှ ခိုးဆိုးလုယက်မှုတွေ နေရာအနှံ့ဖြစ်ပွားတာပါ။

လောင်းကစားဝိုင်းတွေကြောင့် ဒေသတွင်းမှာ လူသတ်ပြီး ဆိုင်ကယ် လုယက်တာ၊ ဆိုင်ကယ် ခိုးယူတာ၊ ဖုန်းခိုးယူတာတွေအပြင် တခြားပစ္စည်းခိုးယူခံရမှုတွေကလည်း နေ့စဉ်နီးပါး ဖြစ်ပေါ် လာတာ ဖြစ်ပါတယ်။

ဒေသခံတစ်ဦးကတော့ ဒေသတွင်းမှာ ခိုးဆိုးလုယက်မှုတွေ နေ့စဉ်နီးပါး ဖြစ်ပွား‌နေတာဟာ လောင်းကစားဝိုင်းတွေကြောင့်ဖြစ်ပြီး ခိုးယူသူတွေ မိပါကလည်း စစ်ကောင်စီက ထိထိရောက်ရောက် အရေးယူတာ မရှိဘူးလို့ ပြောပါတယ်။

“လောင်းကစားဝိုင်းတွေ တော်တော်များတယ်ဗျ။ မွန်ပြည်နယ်မှာ အာဝါဒေးဝိုင်းတွေက များတဲ့အတွက်ကြောင့်မို့လို့ လုယက်မှုပိုပြီးတော့ ခိုးမှုတွေ ဘာတွေကတော့ ဖြစ်တာပေါ့နော်။ ကျွန်တော်တို့ရွာမှာ မိသွားရင်တောင်မှ ရဲလက်အပ်လိုက်လို့ ရှိရင် မကြာဘူး ပြန်လွတ်လာတာပဲ။ အဲဒီလိုမျိုးတွေပေါ့” လို့ ဆိုပါတယ်။

ဒါ့အပြင် ခိုးဆိုးလုယက်မှုတွေဟာ နေ့ရောညပါ ဖြစ်ပွားတာ ဖြစ်ပြီး ခိုးဆိုးလုယက်သူတွေအနေနဲ့ အုပ်စုဖွဲ့ပြီး ပြစ်မှုကျူးလွန်တာဖြစ်တဲ့အတွက် အခန့်မသင့်ရင် အသက်အန္တရာယ်ကိုပါ ရန်ရှာတာရှိတယ်လို့ သူက ဆက်ပြောပါတယ်။

ဒေသခံနောက်တစ်ဦးကလည်း ခိုးဆိုးလုနှိုက်မှုတွေနေရာအနှံ့ ဖြစ်ပွားနေတာဟာ လောင်းကစားဝိုင်းတွေကို စစ်ကောင်စီဘက်က ၁၂ ရာသီလုံး ဖွင့်ခွင့်‌ပေးထားတာကြောင့်လို့ သူအမြင်ကို ပြောပါတယ်။

“ခိုးဆိုးလုယက်မှုတွေကတော့ အစုံပဲ။ ခြံမှာ ခိုးလိုက်၊ ရွာမှာ ခိုးလိုက်၊ လမ်းမှာ ခိုးလိုက်၊ မီးကြိုးတွေ ဖြတ်လိုက် အဲဒီလိုမျိုးတွေပေါ့။လောင်းကစားဝိုင်းတွေကတော့ ဒီမှာ ဆယ်နှစ်ရာသီ ဖွင့်ထားတော့ အဲဒါတွေကြောင့်လည်း ပါတာပေါ့” လို့ ဆိုပါတယ်။

စစ်ကောင်စီက ခိုးဆိုးလုယက်သူတွေကို မဖမ်းဆီးတဲ့အပြင် ထိထိရောက်ရောက် အရေးမယူတာကြောင့်လည်း ခိုးဆိုးလုယက်သူတွေ အတင့်ရဲလာပြီး ပေါ်တင်လုယက်တာတွေ ပြုလုပ်လာတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

တဖက်မှာတော့ စစ်ကောင်စီဟာ လုံခြုံရေး အကြောင်းပြချက်နဲ့ အင်အားပြ လှည့်လည်တာ၊ လူသွားလူလာများတဲ့ နေရာတွေနဲ့ မထင်မှတ်တဲ့ နေရာတွေမှာ ပိတ်ဆို့စစ်ဆေးတာ၊ ဧည့်စာရင်း စစ်ဆေးတာတွေ ပြုလုပ်နေပေမယ့် ခိုးဆိုးလုယက်သူတွေကိုတော့ ဖမ်းဆီးရမိတာ မရှိသလောက် နည်းပါးနေပါတယ်။

ဒါ့အပြင် မြို့ဝင်၊ မြို့ထွက်တွေ၊ လမ်းဆုံလမ်းခွတွေအပြင် မြို့အတွင်းထဲမှာလည်း CCTV ကင်မရာတွေအပြည့် တပ်ဆင်ထားပေမယ့် ခိုးဆိုးလုယက်သူတွေကို ရှာဖွေဖမ်းဆီးတာ မရှိသလို ခိုးဆိုးလုယက်ခံရပါက ကိုယ်ဖြစ်ကိုယ်ခံအခြေအနေ ဖြစ်နေရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

မွန်ပြည်နယ်မှာတော့ စစ်တပ်အာဏာသိမ်းထားတဲ့ လေးနှစ်ကျော်ကာလအတွင်း လောင်းကစားဝိုင်းတွေကို တရားဝင်သဖွယ် ကျယ်ကျယ်ပြန့်ပြန့် ခွင့်ပြုပေးထားတဲ့အတွက် နောက်ဆက်တွဲ ပြဿနာအနေနဲ့ ခိုးဆိုးလုယက်မှုတွေကလည်း မကြာခဏဆိုသလို ဖြစ်ပေါ် နေတာ ဖြစ်ပါတယ်။

Most read this week

ဓာတ်ပုံ - Crd / (ပုံစာ - ကျိုက်မရော ဗဟိုအကျဉ်းထောင်အား တွေ့ရစဉ်။)
September 12, 2026
မွန်ပြည်၊ ကျိုက်မရော ဗဟိုအကျဉ်းထောင်တွင် အခုရက်ပိုင်းအတွင်း ဆေးဝါးကုသခွင့် မရရှိသည့်အတွက် သွေး...
ဓာတ်ပုံ – MPU
September 11, 2026
အာဏာသိမ်းမှုကို အရင်းခံ၍ စစ်အုပ်စုတပ် ဦးဆောင်ကျင်းပခဲ့သည့် အပိုင်းလိုက် ရွေးကောက်ပွဲမှ ပေါ်ပေါက်...
ဓါတ်ပုံ – NUG
September 10, 2026
မဏ္ဍိုင်သုံးခုဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်...
September 9, 2026
ပြည်သူ့စစ်မှုထမ်း အပတ်စဉ်သင်တန်းအတွက် လိုအပ်သည့် တပ်သားများ ရရှိရေး ပေါ်တာဆွဲမှုများ မြင့်တက်...