ငလျင်လှုပ်ပြီးနောက် အာမခံကုမ္ပဏီအချို့ သဘာဝဘေးအာမခံရောင်းချမှု ယာယီရပ်နား

ငလျင်လှုပ်ပြီးနောက် အာမခံကုမ္ပဏီအချို့ သဘာဝဘေးအာမခံရောင်းချမှု ယာယီရပ်နား

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများစွာ ဖြစ်ပေါ်ခဲ့ပြီးနောက် အာမခံကုမ္ပဏီအချို့သည် သဘာဝဘေးအာမခံရောင်းချခြင်းကို ယမန်နေ့ (ဧပြီ ၁၀ ရက်) မှစတင်ကာ ယာယီရပ်ဆိုင်းလိုက်ကြောင်း အာမခံကုမ္ပဏီများက ပြောသည်။

ထိုသဘာဝဘေးအာမခံ ရပ်နားသည့် ကုမ္ပဏီများအနက် ဧရာဝတီဘဏ် ဥက္ကဋ္ဌ ဦးဇော်ဇော် ပိုင်ဆိုင်သည့် AYA Somopo အာမခံကုမ္ပဏီနှင့် ကမ္ဘောဇကုမ္ပဏီအောက်ရှိ KBZMS အာမခံကုမ္ပဏီများလည်း ပါဝင်သည်။

“အခုမှ ပေါ်လစီအသစ်ဝယ်မယ့်သူတွေအတွက် ဒီသဘာဝဘေးကို လောလောဆယ် ရောင်းချခြင်း ခဏရပ်နားထားတယ်ရှင့်” ဟု AYA Sompo အာမခံကုမ္ပဏီမှ ဝန်ထမ်းတဦးက ယနေ့ (ဧပြီ ၁၁ ရက်) တွင် ပြောသည်။

KBZMS General အာမခံ ကုမ္ပဏီမှ ဝန်ထမ်းတဦးကလည်း ကားဆိုပါက သဘာဝဘေးအားလုံးအတွက် ရောင်းချခြင်းရပ်နားထားပြီး နေအိမ်အာမခံများအတွက် ရေကြီးရေလျှံ၊ လေပြင်းမုန်တိုင်း၊ မြေကျွံ စသည့် အာမခံများကို ဝယ်ယူနိုင်သော်လည်း မီး၊ ငလျင် နှင့် စစ်ဘေး အာမခံရောင်းချမှုကို ရပ်နားထားကြောင်း ဆိုသည်။

“မီးကျတော့ မရောင်းတာက အဓိကရုဏ်း၊ မြေငလျင်၊ စစ်ပွဲတွေကတော့ ရောင်းတာ မရှိတော့ဘူး။ တခြားအကာကွယ်တွေတော့ ဝယ်လို့ရတယ်ဗျ” ဟု KBZMS General အာမခံကုမ္ပဏီမှ ဝန်ထမ်းက ပြောသည်။

အခြားအာမခံ ကုမ္ပဏီဖြစ်သည့် GGI Nippon Life အာမခံ ကုမ္ပဏီမှ ကိုယ်စားလှယ်တဦးကလည်း ကား၊ အိမ်၊ အသက် စသည့် အာမခံအမျိုးအစားတိုင်းတွင် သဘာဝဘေး အာမခံကို ယမန်နေ့ (ဧပြီ ၁၀ ရက်) မှ စတင်ကာ ရပ်နားထားရန် ညွှန်ကြားထားကြောင်း ဆိုသည်။

“လောလောဆယ် ဒီအနေအထားမှာ သဘာဝဘေးက ဖြစ်နေတာဆိုတော့လေ။ ဒီဟာ (သဘာဝဘေးအာမခံ) ကို ခဏရပ်ထားတယ်။ ဒါက ညီမတို့ တခုတည်းမဟုတ်ဘူး၊ တခြားအာမခံတွေလည်း ခဏပေါ့နော် ရပ်ထားတာမျိုးတော့ရှိတယ်” ဟု GGI Nippon Life အာမခံ ကုမ္ပဏီမှ ကိုယ်စားလှယ်တဦးက ပြောသည်။

မြန်မာနိုင်ငံ အာမခံအသင်းမှ တာဝန်ရှိသူတဦးကမူ သဘာဝဘေးအာမခံ ရောင်းချမှုကို ရပ်ဆိုင်းရန်ညွှန်ကြားထားခြင်းမရှိသကဲ့သို့ လက်ရှိကာလသည် ငလျင်လှုပ်ပြီးခါစ အကျပ်အတည်းကာလဖြစ်သဖြင့် အထူးသဖြင့် ငလျင်အာမခံများကို ပိုမိုရောင်းချသင့်ကြောင်း ပြောသည်။

“ဒီချိန်မှာ ပိုရောင်းကြရမှာ၊ ပိုအကာကွယ်ပေးရမှာပေါ့လေ။ ဟိုတနေ့က အစည်းအဝေးလုပ်တာတော့ သူတို့ဆက်ရောင်းကြမယ်ပြောတယ်။ ကုမ္မဏီတခုချင်းစီမှာ ဘယ်လို risk handel လုပ်လဲတော့မသိဘူး။ ကျွန်တော်တို့က သူတို့တွေကို အမိန့်ပေးပိုင်ခွင့်လည်း မရှိဘူး” ဟု မြန်မာနိုင်ငံအာမခံအသင်း တာဝန်ရှိသူတဦးက ပြောသည်။

သဘာဝဘေး အာမခံအသစ် ဝယ်ယူမှုများကို ရပ်နားထားခြင်းဖြစ်ပြီး ယခင် ဝယ်ယူပြီးသား သဘာဝဘေးအာမခံများအတွက် သက်တမ်းတိုးကာ ဆက်လက်ဝယ်ယူခွင့်ပြုထားကြောင်း အာမခံကုမ္ပဏီများက ပြောသည်။

လက်ရှိတွင် သဘာဝဘေးအာမခံ ရောင်းချမှုကို ယာယီရပ်နားထားခြင်းဖြစ်ပြီး ပြန်လည်ရောင်းချပေးမည့်အချိန်ကိုမူ မသိနိုင်သေးကြောင်း ဆိုသည်။

ငလျင်ကြောင့် နေအိမ်အဆောက်အဦများ ပြိုကျပျက်စီးဆုံးရှုံးမှု များပြားခဲ့ကာ မိမိပိုင်ဆိုင်မှုများအတွက် စိုးရိမ်စိတ်ကြီးမားနေချိန် အာမခံ ကုမ္ပဏီများက သဘာဝဘေးအာမခံရောင်းချမှု ရပ်နားလိုက်ခြင်းအပေါ် ပြည်သူအများစုက ဝေဖန်နေကြသည်။

မတ်လ ၂၈ ရက်နေ့တွင် စစ်ကိုင်းမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် နိုင်ငံအဝှမ်း နေအိမ် ၆၀,၀၀၀ ကျော်၊ စာသင်ကျောင်း ၂,၃၆၆ ကျောင်း၊ ဘုန်းကြီးကျောင်း နှင့်သီလရှင်ကျောင်း ၃,၅၁၄ ကျောင်း၊ ဆေးရုံဆေးခန်း ၂၉၁ ခု ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း ယနေ့ (ဧပြီ ၁၁ ရက်)ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

March 10, 2026
ဇာမဏီလင်းမောင် — မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဖယ်ထုတ်၍မရသည့် လူထုခေါင်းဆောင်...
March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...
၂၀၂၅ မေလ တွင် ဗန်းမော်မှ ရွှေကူမြို့၌ ဆင်းသက်သည့် ရဟတ်ယာဉ်ကို KIA တပ်က တိုက်ခိုက်သဖြင့် ရဟတ်ယာဉ်လေဒလက်အနီး ပေါက်ကွဲမှုဖြစ်ခဲ့ပုံ။ (Kachin Sub State Media)
March 7, 2026
ဂျူချန်း — တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် Mi17 ရဟတ်ယာဉ်တစီး ပစ်ခတ်ခံရကာ...
မြဝတီမြို့နယ်၌ ယနေ့ (မတ်လ ၆ ရက်) က စက်သုံးဆီဖြည့်ရန် စောင့်ဆိုင်းနေသူများအားတွေ့ရစဉ်။
March 6, 2026
စက်သုံးဆီ ရက် ၄၀ စာ အလုံအလောက်ရှိနေပြီး အရန်ဆီများလည်း လုံလောက်ကြောင်း စစ်ကော်မရှင်က မတ်လ ၄...