ဘန်ကောက်ငလျင် အဆောက်အဦပြိုကျမှုတွင် မြန်မာ ၃ ဦးအပါအဝင် အလောင်း ၁၇ လောင်းတွေ့

ဘန်ကောက်ငလျင် အဆောက်အဦပြိုကျမှုတွင် မြန်မာ ၃ ဦးအပါအဝင် အလောင်း ၁၇ လောင်းတွေ့
ဓါတ်ပုံ - AFP
ဓါတ်ပုံ - AFP

မြန်မာနိုင်ငံ စစ်ကိုင်းမြို့အနီး ဗဟိုပြုလှုပ်ခတ်သွားသည့်ငလျင်ကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ ချက်တူချက်ရှိ ဆောက်လုပ်ဆဲ ပြည်နယ်စာရင်းစစ်ရုံး အဆောက်အဦပြိုကျမှုအတွင်း ဧပြီ ၇ ရက်ညနေပိုင်းထိ ရုပ်အလောင်း ၁၇ ဦး တွေ့ရှိထားပြီး မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုနိုင်ရန် ခက်ခဲနေသဖြင့် လုပ်ငန်းခွင်တွင် ပျောက်ဆုံးနေသည့် မြန်မာအလုပ်သမားများအနေဖြင့် ပျောက်ဆုံးစာရင်းတိုင်ကြားပေးကြရန် မြန်မာအလုပ်သမားအရေး ဆောင်ရွက်ပေးနေသူများက တိုက်တွန်းသည်။

“လူပျောက်စာရင်း တိုင်စေချင်တယ်ဗျ။ ထိုင်းတွေကျတော့ လာတိုင်တယ်။ ပြီးရင် မှန်ကန်ရင် သူတို့အလောင်းသူတို့ယူသွားကြတယ်။ နစ်နာကြေးထုတ်သွားတယ်။ မြန်မာတွေကျ လာမတိုင်ကြဘူး။ ရုပ်တွေလည်းပျက်နေပြီဆိုတော့ ထိုင်းလား မြန်မာလား ခွဲမရဘူး DNA စစ်ဖို့လိုနေတယ်” ဟု အဆောက်အဦပြိုကျမှုတွင် မြန်မာအလုပ်သမားများအတွက် ကူညီပေးနေသည့် Worker Alliance Group (WAG) အဖွဲ့ခေါင်းဆောင် ကိုမုန်တိုင်းက ပြောသည်။

ရုပ်အလောင်းတွေ့ရှိထားသည့် ၁၇ ဦးအနက် မြန်မာအလုပ်သမား ၃ ဦးသာ ပါဝင်ကြောင်း အတိအကျ သိရသေးပြီး ကျန်သူများမှာ မည်သူမည်ဝါဖြစ်ကြောင်းကိုမူ မသိရသေးကြောင်း ဆိုသည်။

သေဆုံးသူများ မည်သူမည်ဝါဖြစ်ကြောင်း အတိအကျသိနိုင်ရန် မိမိ မိသားစုဝင်များ ပျောက်ဆုံးနေပါက ကျန်ရှိနေသည့် မိသားစုဝင်များအနေဖြင့် လူပျောက်စာရင်းတိုင်ကြားရန် လိုအပ်ကြောင်း ဆိုသည်။

“တကယ် အလောင်းတွေ့တာ သုံးယောက်ပဲရှိသေးတယ်။ ကျန်တဲ့သူတွေက ပေါင်းပြီး ကောင်းမှုကုသိုလ်လုပ်ပေးတာ။ အဲ့ဒီသုံးယောက်ကလည်း ရုပ်မပျက်ခင် ပထမပိုင်းရက်တွေမှာတွေ့လို့။ နောက်ပိုင်းတွေ့တဲ့အလောင်းတွေက ဘယ်သူဘယ်ဝါမှန်းမသိဘူး။ အဲ့ဒါကြောင့် ဧည့်စာရင်းတိုင်။ အနည်းဆုံး တဝမ်းကွဲ မိသားစုဝင်လောက်ပေါ့နော်။ ပြီးရင် သွေးသားတူ/မတူ DNA တိုက်စစ် အဲ့ဒါမှ စာရင်းသေချာသိရမှာ” ဟု ကိုမုန်တိုင်းက ပြောသည်။

ပျောက်ဆုံးနေသူသည် အထောက်အထားရှိရန် မလိုအပ်သော်လည်း ဧည့်စာရင်းတိုင်ကြားမည့်သူသည် တရားဝင်အထောက်အထားရှိရန် လိုအပ်ကြောင်း ဆိုသည်။

ဧပြီ ၇ ရက်ညနေပိုင်း နောက်ဆုံးရရှိထားသည့် အချက်အလက်အရ မတ်လ ၂၈ ရက်ငလျင်ကြောင့် ချက်တူချက် ဆောက်လက်စ အဆောက်အဦပြိုကျမှုအတွင်း ရုပ်အလောင်းတွေ့ရှိသူ ၁၇ ဦး၊ အဆောက်အဦအောက်တွင် ကျန်ရှိနေသူ ၇၇ ဦးနှင့် ပျောက်ဆုံးနေသူ ၁၀၃ ဦးရှိကာ ဆေးကုသမှုခံယူနေသူ ၉ ဦးရှိကြောင်း သိရသည်။

ဆေးကုသမှုခံယူနေသူ ၉ ဦးအနက် မြန်မာလုပ်သား ၄ ဦးပါဝင်ပြီး လက်ရှိတွင် ထိုင်းအစိုးရမှ ကုသမှုစားရိတ်များကို တာဝန်ယူထားကြောင်း ဆိုသည်။

ထိုအဆောက်အဦတွင် အလုပ်သမား ၄၀၀ ကျော် အလုပ်လုပ်နေပြီး မြန်မာအလုပ်သမားများလည်း ပါဝင်ကြောင်း သိရသည်။

မြန်မာအလုပ်သမား မည်မျှရှိသည်ကိုမူ အချက်အလက်ကောက်ယူရန် ခက်ခဲနေကြောင်း ဆိုသည်။

ငလျင်အတွင်း အဆောက်အဦပြိုကျမှုကြောင့် အထောက်အထားရှိ သေဆုံးခဲ့သူများအတွက် နစ်နာကြေးအနေဖြင့် ထိုင်းဘုရင်မှ ဘတ် ၁၆ သိန်း၊ အစိုးရမှ ၁ သိန်း စုစုပေါင်း ၁၇ သိန်း ပေးမည်ဖြစ်ပြီး အထောက်အထားမဲ့ လုပ်သားများအနေဖြင့် လုပ်ငန်းတာဝန်ရှိသူများမှ တာဝန်ယူပေးရမည်ဖြစ်ကြောင်း ထိုင်းအစိုးရက ပြီးခဲ့သည့် ဧပြီ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...
April 21, 2026
ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ငါးနှစ်တာသက်တမ်း...
April 20, 2026
ပါခွီး — ဖက်ဒရယ်ဒီမိုကရေးစီရေးအတွက် မတရားဖမ်းဆီး၊ အကျဥ်းကျခံနေရသော ခေါင်းဆောင်များ...
April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...