မြစ်ကြီးနားမြို့ နေအိမ်တစ်အိမ် ဗုံးခွဲခံရ အမျိုးသားတစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိ

မြစ်ကြီးနားမြို့ နေအိမ်တစ်အိမ် ဗုံးခွဲခံရ အမျိုးသားတစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက်က နေအိမ်တစ်အိမ် ဗုံးခွဲခံရလို့ အမျိုးသားတစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖြစ်စဥ်ကတော့ မနေ့က မတ်လ ၁၂ ရက်နေ့ ညပိုင်း ၁၀ နာရီဝန်းကျင် ဒူကထောင်ရပ်ကွက် အပိုင်း ၆ က ဈေးအနီး ဦးဖိုးတုတ်ဆိုသူရဲ့ နေအိမ်ရှေ့ အိမ်စီးကားတစ်စီးရောက်လာပြီး ဗုံးဟုယူဆရတဲ့ ဖောက်ခွဲပစ္စည်းတစ်ခု လာပစ်ထည့်လိုက်တဲ့နောက် ပေါက်ကွဲမှုဖြစ်တာလို့ ဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။

“အိမ်ရှေ့အိမ်စီးကားတစ်စီးရောက်လာပြီး လာပစ်ထည့်သွားတာ မိုင်းလား၊ ဗုံးလား ဘယ်လိုအမျိုးအစားနဲ့ပစ်တယ်ဆိုတာတော့ တိတိကျကျ မသိရဘူး။အနီးနားပတ်ဝန်းကျင်ဆို အသံပါတုန်တယ်။ ပြင်းတော့ပြင်းတယ်” လို့ ပြောပါတယ်။

အခုလို အိမ်စီးကားနဲ့ လာရောက်ပစ်ဖောက်ခွဲသွားတာနဲ့ပတ်သက်လို့ ဒူကထောင်ရပ်ကွက်နေ ဒေသခံတစ်ဦးကတော့ ထိခိုက်ဒဏ်ရာရရှိခဲ့သူဟာ အသက် ၅၄ နှစ်ဝန်းကျင် ဦးဖိုးတုတ်ဆိုသူဖြစ်ပြီး သာမန်အရပ်သားတစ်ဦးဖြစ်ကာ လူမှုကူညီရေးလုပ်ငန်းတွေမှာလည်း ကူညီဆောင်ရွက်နေသူတစ်ဦးလို့ ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရှိသူရဲ့နေအိမ်က ခြံစည်းရိုးပျက်ဆီးသွားသလို ထိခိုက်ဒဏ်ရရှိခဲ့သူအမျိုးသားကတော့ မျက်နှာ၊ နားနဲ့ ခြေထောက်၊ ဗိုက်မှာ ဗုံးစ ထိခိုက်ထားပြီး လက်ရှိတော့ မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

မတ်လ ၁၂ ရက်နေ့ မနေ့ကညပိုင်းမှာ ဒူကထောင်ရပ်ကွက်တင်မကဘဲ မြစ်ကြီးနားမြို့က ရပ်ကွက်တစ်ချို့မှာလည်း ပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး တစ်ညတည်း ၇ ကြိမ်ထက်မနည်း ပေါက်ကွဲသံကြားခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ကျနော်တို့ ဒူကထောင်ပတ်ဝန်းကျင်ကနေ အသံတွေကြားရတယ်။ ဒူကထောင်မှာပဲမဟုတ်ဘူး စံပြ၊ တပ်ကုန်းဘက်မှာ လည်းကြားတယ်။ တစ်ညတည်းကို ၆ ချက်၊ ၇ ချက်လောက်ရှိတယ်” လို့ ပြောပါတယ်။

လက်ရှိ ပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက်မှာတော့ ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ နေအိမ်အနီးတစ်ဝှိုက်မှာ စစ်ကောင်စီနဲ့ လက်အောက်ခံတပ်ဖွဲ့ဘက်က တစ်စုံတစ်ရာ လာရောက်မေးမြန်းခြင်းမရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် အခုလိုပေါက်ကွဲမှုကြောင့် မြစ်ကြီးနားမြို့ ဒေသခံတွေအကြား လုံခြုံရေးအတွက် စိုးရိမ်မှုတွေမြင့်တက်နေကြရပါတယ်။

ကချင်ပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့ မြစ်ကြီးနားမြို့ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၁ ရက်ကတည်းက ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတာဖြစ်ပြီး သတင်းစီးဆင်းမှုလည်း နည်းပါးနေသလို ဒေသခံတွေဟာ သတင်းရရှိဖို့နဲ့ အဆက်အသွယ်အတွက် Starlink Internet ကိုသာ အဓိကသာအသုံးပြုနေကြရတာဖြစ်ပါတယ်။

Most read this week

December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
Photo credit - CJ
December 2, 2025
စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ပတ်ဝန်းကျင်တစ်ဝှိုက်...