နောင်မွန်မှာ စစ်မှုထမ်းဖို့ အသိပေးပြောဆိုနေတာကြောင့် ဒေသခံတွေ စိုးရိမ်

နောင်မွန်မှာ စစ်မှုထမ်းဖို့ အသိပေးပြောဆိုနေတာကြောင့် ဒေသခံတွေ စိုးရိမ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့မှာ ဒေသခံတွေကို စစ်မှုထမ်းဖို့နဲ့ပတ်သက်ပြီး အသိပေးပြောဆိုတာတွေရှိနေတာကြောင့် ဒေသခံတွေ စိုးရိမ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့က နောင်မွန်မြို့၊ ရပ်ကွက် ၅ က အမှတ် ၂ စာသင်ကျောင်းမှာ မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်တိုင် လာရောက်ပြီးတော့ ဒေသခံတွေကို စစ်မှုထမ်းဖို့ ပြောဆိုသွားတာလို့ နောင်မွန်ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

"မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်တိုင် ရပ်ကွက် ၅ ကို ဆင်းပြီးမှ စစ်တပ်မဝင်မနေရဆိုတာ အဲဒါမျိုး လာပြောတာ။ ဌာနေပြည်သူ့စစ်အဖွဲ့တွေ အကုန်လုံးပါတယ်။ စစ်တိုက်ဖို့မဟုတ်ဘူးတဲ့။ ကိုယ့်ဒေသကို ကာကွယ်ဖို့တဲ့" လို့ ဒေသခံက ဆိုပါတယ်။

စစ်တိုက်ဖို့မဟုတ်ဘဲ ဒေသကာကွယ်ဖို့အတွက်လို့ ပြောဆိုပြီးတော့ စစ်တပ်ထဲမဝင်ရင် ဌာနေပြည်သူ့စစ်ထဲ ဝင်ရမယ်ဆိုပြီး လာရောက်ပြောဆိုသွားတာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီလို ဒေသခံတွေကို စစ်မှုထမ်းဖို့ အသိပေးပြောဆိုလာတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြပြီး ဒီကိစ္စကို ရှေ့ဆက်မလုပ်ဆောင်စေချင်ကြောင်းကိုလည်း နောင်မွန်ဒေသခံတစ်ဦးက အခုလိုဆိုပါတယ်။

"အခုတစ်လောက ဌာနေပြည်သူ့စစ်စုဆောင်းတယ်ဆိုတာ မလုပ်သင့်ဘူးလို့ထင်တယ်။ စစ်တပ်ကို မဝင်တဲ့သူတွေက ဌာနေပြည်သူ့စစ်ကို ဝင်ရမယ်တဲ့။ အဲဒီလို သူတို့ကပြောတာ။ တချို့တွေက သဘောမတူဘူး အဲဒါကို။ လုံးဝ နေရကျဉ်းကျပ်သလို ခံစားရတယ် လူငယ်တွေက။ ရှေ့ဆက် မလုပ်စေချင်ဘူး။ မိဘတွေလည်း တော်တော်စိတ်ပူတာပေါ့" လို့ ပြောပါတယ်။

တပ်ထဲဝင်သွားရရင် ကျန်ခဲ့တဲ့ မိသားစုဝင်တွေရဲ့ စားဝတ်နေရေးကို စိုးရိမ်ပူပန်နေရမှာအပြင် တချို့ကလည်း မိအိုဖအိုကို ပြုစုနေတဲ့သူတွေရှိတာကြောင့် လူငယ်တွေသာမက အိမ်ရှင်မတွေကလည်း စိုးရိမ်နေရတာလို့ ဆိုပါတယ်။

ဒီအတောအတွင်းမှာပဲ ဌာနေပြည်သူ့စစ်အဖွဲ့တွေဟာ ပြည်သူ့စစ်ထဲဝင်ပြီး စစ်မှုထမ်းဖို့ လိုက်လံဆော်ဩနေတာတွေ ရှိနေတယ်လို့ နောက်ထပ် နောင်မွန်ဒေသခံတစ်ဦးထံကလည်း ကြားသိရပါတယ်။

ဒါ့အပြင် ဌာနေပြည်သူ့စစ် ကိုယ်ပိုင်နံပါတ်ရထားသူတွေကိုလည်း ပြန်ခေါ်တဲ့အခါ မဝင်လာလို့ရှိရင် ဖမ်းခေါ်မယ်လို့ ပြောဆိုသံတွေလည်း ကြားနေရကြောင်း ဆိုပါတယ်။

ပြည်သူ့စစ်မှုမထမ်းမနေရဥပဒေကို စစ်ကောင်စီက စတင်အသက်သွင်းခဲ့တဲ့ အချိန်တုန်းကလည်း နောင်မွန်မြို့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက တစ်အိမ်တက်ဆင်း မဝင်မနေရ စည်းရုံးတာတွေရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီ ပထမအကြိမ်တုန်းကလည်း နောင်မွန်က ဒေသခံတချို့ ပြည်သူ့စစ်ထဲ ပါသွားတာရှိတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းပြီးတဲ့နောက် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ အသက်သွင်းခဲ့တာဖြစ်ပြီး တစ်နှစ်နီးပါးအကြာ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကတော့  စစ်မှုထမ်း နည်းဥပဒေကို ထပ်မံထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

February 12, 2026
အမေရိကန်အောက်လွှတ်တော်က မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး စစ်ကော်မရှင်ကို အရေးယူမယ့် BRAVE Burma Act...
ဓါတ်ပုံ- KIA ပူးပေါင်းတပ်ဖွဲ့များ ဗန်းမော်လေဆိပ်ကို သိမ်းပိုက်ခဲ့စဉ်။
February 11, 2026
ဗန်းမော်တိုက်ပွဲဟာ အရင်းအနှီးများပြီး အချိန်ကြာမယ်ဆိုတာ သိပေမဲ့ လိုအပ်လို့တိုက်တဲ့...
February 10, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁) နယ်မြေဘက်...
ဓါတ်ပုံ- ပုံဟောင်းဖြစ်ပါသည်။
February 9, 2026
နေပြည်တော်အစိုးရကို NUG နဲ့ စကားပြောချင်တဲ့ ဆန္ဒရှိသလားလို့ မေးမြန်းထားတဲ့အပြင် တစ်ဖွဲ့ချင်းနဲ့...