ရွာငံတွင် စစ်ကောင်စီနှင့်ပျူစောထီး ပေါင်းပြီး ကားချောဆွဲ၊ ငွေတောင်းခံ မပေးလျှင် ရိုက်နှက်

ရွာငံတွင် စစ်ကောင်စီနှင့်ပျူစောထီး ပေါင်းပြီး ကားချောဆွဲ၊ ငွေတောင်းခံ မပေးလျှင် ရိုက်နှက်

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီနှင့် ပျူစောထီးများက ကားများကို ချောဆွဲနေပြီး ကားမပေးလျှင် ပိုင်ရှင်ကို ရိုက်နှက်ကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ဒုတိယပတ်မှစပြီး ရွာငံမြို့နယ် အရှေ့ဘက်ကျေးရွာများတွင် ရွာတစ်ရွာလျှင် စစ်တပ်ကို ကား ၃ စီးပေးရပြီး ၄ ရက်အတွင်း သုံးစွဲပြီးပါက ပြန်ပို့ပေးမည်ဟုဆိုသော်လည်း ယနေ့ထိ ပြန်မရသေးကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့များသည် ကျေးရွာအတွင်းမှ ကားများ လာရောက်ချောဆွဲချိန်တွင်လည်း ကားပိုင်ရှင်များမှ ပေးမငှားဘဲ ငြင်းဆန်ခဲ့သဖြင့် ရွာသားများကို ရိုက်နှက်ခဲ့ကြောင်း ဖြစ်စဉ်ကိုသိရှိသူ အမျိုးသားတစ်ဉီး ကသျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ကောင်စီက ကျနော်တို့ဆီကို ကားလာငှားတုန်းက ရွာသားတွေ မပေးဘူးလို့ပြောတော့ ရိုက်နှက်ခဲ့တယ်။ နောက်ပြီး ယူသွားတယ်။ ၄ ရက်အတွင်း သုံးပြီးရင် ပြန်ပေးမယ်လို့ပြောတယ်။ ဒါပေမယ့် အခုထိ မရသေးဘူး” ဟု အဆိုပါအမျိုးသားက ပြောသည်။

ဆက်လက်ပြီး စစ်ကောင်စီတပ်မှ ကျေးရွာများအတွင်းသို့ လာရောက်တပ်စွဲထားပြီး ဒေသခံများ ညဘက် အပြင်ထွက်လျှင် ပေါ်တာဆွဲမည်ဆိုသည့် ခြိမ်းခြောက်မှုကြောင့် မထွက်ရဲကြောင်းလည်း သိရသည်။

အလားတူ စစ်ကောင်စီလက်အောက်ခံ ပျူစောထီများလည်း လက်နက်များဖြင့် ခြိမ်းခြောက်ကာ ကျေးရွာအတွင်း ငွေကြေးကောက်ခံမှုများ၊ စားနပ်ရိက္ခာကောက်ခံမှုများ ပြုလုပ်နေကြောင်း ကိုယ်တိုင်ကြုံတွေ့ရသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

“ရွာထဲမှာဆိုရင် ပျူစောထီးတွေက လက်နက်ကို ဗန်းပြပြီး ပိုက်ဆံတွေ လိုက်ကောက်နေတာ။ သူတို့တောင်းသလောက် ပေးရတယ်။ ဆန်တွေရော တောင်းတာ။ ကျမတို့အိမ်ဆို ပိုက်ဆံ ကျပ် (၅ သောင်း) ပေးလိုက်ရတယ်။ သူတို့ကို ကြောက်ရ၊ စစ်တပ်ကို ကြောက်ရနဲ့ ကြာရင် လူလည်း လုံးပါးပါးတော့မယ်” ဟု ၎င်းအမျိုးသမီးက ဆိုသည်။

ထိုကဲ့သို့ ကျေးရွာအတွင်း ပျူစောထီးများ လက်နက်ကိုင်ခြိမ်းခြောက်မှုများကြောင့် ကျေးရွာနှင့်ဝေးကွာသည့် တောခြံများရှိ ရာသီပေါ် လိမ္မော်သီးများကိုလည်း သွားမခူးရဲကြကြောင်း သိရသည်။

ယခုလက်ရှိ ရွာငံမြို့ အဝင်/အထွက်တွင် စစ်တပ်ဂိတ်များချထားပြီး ရွာငံ - မန္တလေး လမ်းတွင် ခရီးသွားနှင့် ကုန်တင်ယာဉ်များကို စစ်ဆေးမှု ပိုမိုတင်းကြပ်နေသည်ဟုလည်း သိရသည်။

February 14, 2026
သျှမ်းပြည် ကွတ်ခိုင်မြို့ ဈေးအနီး ဆောက်လုပ်ရေးဝင်းရှိ ကိုးကန့်တပ် MNDAA ရုံးကို တအာင်း(ပလောင်)...
February 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်တွင် တရုတ်ကုန်ပစ္စည်းများ သယ်ဆောင်လာသည့်...
February 12, 2026
အမည်မသိလက်နက်ကိုင်ဖမ်းဆီးသွားသည့် သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် လယ်ကိုင်းကျေးရွာ ဒေသခံ (၄)...
February 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် စစ်ကော်မရှင်က ဦးဆောင်ကျင်းပသည့်...