ပုဒ်မ ၁၇(၁) ဖြင့်တရားစွဲခံနေရသူ စစ်တွေဒေသခံ ၄၀ ဦးကို ရုံးထုတ်

ပုဒ်မ ၁၇(၁) ဖြင့်တရားစွဲခံနေရသူ စစ်တွေဒေသခံ ၄၀ ဦးကို ရုံးထုတ်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)ဖြင့်တရားစွဲခံနေရသူ ၄၀ ဦးကို ဇူလိုင်လ ၁၅ ရက်နေ့တွင် ရုံးထုတ်ခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၁၅ ရက်၊ နံနက်ပိုင်းတွင် စစ်တွေခရိုင်တရားရုံး၌ ရုံးထုတ်ခဲ့ခြင်းဖြစ်ပြီး လာမည့် ဇူလိုင်လ ၂၅ ရက်သို့ ရုံးပြန်ချိန်းလိုက်သည်ဟု မင်းဂံရပ်ကွက်မှ တရားစွဲခံနေရသူ တစ်ဦး၏ မိသားစုဝင်တစ်ဦးက နိရဥ္စရာကို ပြောသည်။

"ဘာတွေစစ်ဆေးခဲ့လဲတော့ မသိခဲ့ရဘူး။ စစ်တပ်ကလူကြီးတွေရောက်တယ်ဆိုပြီး ကျမတို့က ရုံးထဲမဝင်ရဘူး။ စစ်တပ်က စစ်ဆေးတယ်လို့တော့သိရပါတယ်"ဟု ပြောသည်။

ယခင်အပတ်က ရုံးထုတ်စဥ် မိသားစုနှင့်တွေ့ခွင့်ရခဲ့သော်လည်း ယခုအကြိမ်တွင် စစ်တပ် အရာရှိများက လာစစ်သည်ဟုဆိုကာ မတွေ့ခဲ့ရဟု ဆိုသည်။

ယနေ့ရုံးထုတ်ရာတွင် မင်းဂံရပ်ကွက်မှ ၈ ဦးခန့်ပါဝင်ပြီး အများစုမှာ စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာမှဖြစ်ကြသည်ဟု သိရသည်။

မင်းဂံရပ်ကွက်တွင် အကွက်(၅)မှ အကွက် (၁၀)အထိနေထိုင်သော အမျိုးသမီးများနှင့် အမျိုးသား ၁၅၀ ဦးခန့်ကို ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်၊ ညဥ့်အချိန်က စစ်ကောင်စီ တပ်သားများနှင့် စစ်သင်တန်းဆင်းမွတ်ဆလင်များက စစ်ကား (၁၀) စီးဖြင့် ရပ်ကွက်ထဲသို့ ဝင်ရောက်ပြီး ဧည့်စာရင်းအကြောင်းပြကာ တစ်အိမ်ချင်းစီဝင်ရောက်စစ်ဆေး၍ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ယင်းအနက် အချို့ကို ပြန်လွှတ်ပေးခဲ့ပြီး အချို့ကို ပုဒ်မ ၁၇ (၁)ဖြင့် တရားစွဲဆိုထားသည်။

လွတ်မြောက်လာသည့်ဦးရေနှင့် တရားစွဲခံထားရသည့်ဦးရေအတိအကျကိုမူ နိရဥ္စရာ အနေဖြင့် သီးခြားအတည်ပြု၍မရပါ။

အလားတူ ပြီးခဲ့သည့် မေလ ၂၉ ရက်မှ ၃၁ ရက်အထိ စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာမှ ပြည်သူ ၇၆ ဦးတို့ကို စစ်‌ကောင်စီက ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီးနောက် ရွာသား ၁၀၀ ဦးခန့်ကိုလည်း စစ်ကောင်စီ ခလရ (၂၀)သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ယင်းအထဲမှ ၄၅ ဦးခန့်ကို ပုဒ်မ ၁၇(၁)ဖြင့် တရားစွဲဆိုထားပြီး ရုံးထုတ်စစ်ဆေးနေခြင်း ဖြစ်သည်။

မင်းဂံရွာ နှင့် ဗျိုင်းဖြူရွာမှ တရားစွဲခံနေရသူများကို သီးခြားမခွဲဘဲ တပေါင်းတည်းစုပေါင်းကာ အသုတ်လိုက်ရုံးထုတ်နေခြင်းဖြစ်သည်ဟုလည်း မိသားစုဝင်များက ပြောသည်။

ဇူလိုင်လ ၉ ရက်နှင့် ၁၂ ရက်တို့ကလည်း တစ်သုတ်စီ ရုံးထုတ်ခဲ့ပြီး ဇူလိုင်လ ၁၅ ရက်နေ့တွင် နောက်ထပ်တစ်သုတ်ကို ရုံးထုတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

Most read this week

ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
မကွေးတိုင်း၊ ပဒါန်းမြို့နယ်ရှိ နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကူထိုးလာသည့် စစ်အုပ်စုတပ်ကို AA က...
ဓါတ်ပုံ - ULA/AA
September 2, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် သဖန်ရောင်ဒေသတို့ကို ဆက်သွယ်...
ဓာတ်ပုံ - (မောင်တောတွင် ကင်းလှည့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်း တွေ့ရစဉ် / Arakan Princess Media)
August 31, 2026
ရခိုင်/အာရက္ခပြည် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တောင်ပိုင်းတွင် အာရက္ခတပ်တော် (AA) နှင့် ARSA...
ဓာတ်ပုံ - (ငါးဖမ်းလှေများ - ပုံဟောင်း / Crd)
August 31, 2026
ဩဂုတ်လ နောက်ဆုံးအပတ်အတွင်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် စစ်အုပ်စုတပ် ရေတပ်၏ စစ်သင်္ဘော (နေဗီ...