သျှမ်း-မန္တလေးနယ်စပ် ဝက်ဝံရှိ မူးယစ်ဂိတ်ကို TNLA ပူးပေါင်းတပ် ထိုးစစ်ဆင်တိုက်ခိုက်

သျှမ်း-မန္တလေးနယ်စပ် ဝက်ဝံရှိ မူးယစ်ဂိတ်ကို TNLA ပူးပေါင်းတပ် ထိုးစစ်ဆင်တိုက်ခိုက်

သျှမ်းပြည်နှင့် မန္တလေးတိုင်းနယ်စပ် ဝက်ဝံကျေးရွာရှိ ရဲစခန်းနှင့် မူးယစ်ဂိတ်ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဇွန်လ ၂၈ ရက်) နံနက် ၅ နာရီကျော်မှ စတင်ပြီး နောင်ချိုမြို့နယ် ဝက်ဝံကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းနှင့် မူးယစ်ဆေးဝါး စစ်ဆေးရေးသည့် X-Ray စက်ရှိရာ ဂိတ်စခန်းတို့ကို TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်ကြောင်း နောင်ချိုဒေသခံများက ပြောသည်။

“မနက်အစောတည်းက ဝက်ဝံ မူးယစ်ဂိတ်မှာ ဆော်(တိုက်) နေကြပြီ။ မေမြို့ဘက်ခြမ်း ဧကတစ်သောင်းခြံကနေလည်း လက်နက်ကြီးနဲ့ လှမ်းထုနေတာရှိတယ်။ စစ်ကောင်စီဘက်က တစ်ညလုံးလည်း လက်နက်ကြီးပစ်တာကော၊ လေယာဉ်ပစ်ကူနဲ့ကော ပြန်ခုခံတယ် ပြောရမယ်။ မနေ့ညက မြို့ထဲနဲ့ သကြားစက်တွေဘက်လည်း လေယာဉ်နဲ့ ဗုံးလာကြဲသွားသေးတယ်”ဟု နောင်ချိုဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နောင်ချိုမြို့တွင် စစ်ကောင်စီတပ်၏ လက်ကျန်တပ်စခန်းဖြစ်သည့် ခြေမြန်တပ်ရင်း ခမရ-၁၁၄ နှင့် အမြောက်တပ်-၆၀၆ တို့ကို TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က ယမန်နေ့ (ဇွန်လ ၂၇ ရက်)တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့စဉ်အတွင်း စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာနှင့် Y-12 ထောက်ပို့ရဟတ်ယာဉ်ဖြင့် တစ်ရက်တည်း အကြိမ် ၃၀ ထက်မနည်း လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း နောင်ချိုဒေသခံများထံမှ သိရသည်။

ထို့အပြင် နောင်ချိုမြို့တွင်း၌ အသက် (၂၃)နှစ် အရွယ် မချယ်ရီထက်နှင့် အသက် (၁၆) နှစ် အရွယ်ရှိ မထက်ရီဝင်းဆိုသူ အမျိုးသမီးနှစ်ဦးသည် ဆိုင်ကယ်မောင်းနှင်နေစဉ် စစ်ကောင်စီတပ်၏ သေနတ်ပစ်ခတ်မှုကြောင့် ယမန်နေ့ (ဇွန်လ ၂၇ ရက်)တွင် သေဆုံးသွားခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

အလားတူ ယမန်နေ့ ညနေပိုင်းတွင် နောင်ချိုမြို့တွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ရပ်ကွက် (၄) ရှိ အသက် ၂၇ နှစ်အရွယ်ရှိ အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရပြီး အမျိုးသားတစ်ဦးမှာ ခြေထောက်ထိမှန်ကြောင်း ဒေသခံများထံမှ သိရသည်။

နောင်ချိုမြို့တွင်းရှိ TNLA နှင့် PDF တပ်ဖွဲ့များ ထိန်းချုပ်ထားနိုင်သည့် အထင်ကရ ဌာနဆိုင်ရာရုံးများကို လိုက်လံစစ်ဆေးရာတွင် မြို့မရဲစခန်းအတွင်း မူးယစ်ဆေးဝါးပစ္စည်းနှင့် ယာဘဆေးပြား အမြောက်အများ ဖမ်းဆီးရမိကြောင်း TNLA ဘက်မှ ထုတ်ပြန်ထားသည်။

မြို့မရဲစခန်းကို သိမ်းပိုက်စဉ် အချုပ်သားများကို PDF တပ်သားများက ပြန်လွှတ်ပေးလိုက်ကြောင်း ဒေသခံများမှ ပြောဆိုနေကြသော်လည်း သျှမ်းသံတော်ဆင့်အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

February 10, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း တကြောတွင် တိမ်းရှောင်နေရသည့်...
February 9, 2026
စိုင်းဟန်လင်း — ခေတ်သစ်ဗမာ့ခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များအနေဖြင့် အတိတ်က...
February 7, 2026
သျှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့ အရှေ့မြို့ပတ်လမ်းရှိ ဗိုလ်ချုပ်အောင်ဆန်း အားကစားကွင်း...
February 6, 2026
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် ဝမ်စယ်ကျေးရွာသား (၉) ဦးကို...