ပင်လောင်းတိုက်ပွဲကြောင့် စစ်ဘေးရှောင် ၃,၀၀၀ ကျော် ကရင်နီ ပြည်သို့ ထွက်ပြေးခိုလှုံနေရ

ပင်လောင်းတိုက်ပွဲကြောင့် စစ်ဘေးရှောင် ၃,၀၀၀ ကျော် ကရင်နီ ပြည်သို့ ထွက်ပြေးခိုလှုံနေရ

သျှမ်းပြည် ပင်လောင်းမြို့နယ် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ၃ ထောင်ကျော်သည် ကရင်နီ (ကယား) ပြည်နယ်စပ်ဘက်ရှိ စစ်ရှောင်စခန်းသို့ ထွက်ပြေးခိုလှုံလာကြသည်ဟု စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်နေသူထံများမှ သိရသည်။

ဇွန်လ ၁၈ ရက်ကစတင်ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်နီလက်နက်ကိုင် တော်လှန်ရေး အင်အားစုတပ်ဖွဲ့များတို့ တိုက်ပွဲကြောင့် ပင်လောင်းမြို့နယ်မှာ လမ်းကြောင်းများပိတ်ဆို့ခြင်း၊ မှတ်ပုံတင် ၂/ ကိုင်ဆောင်သူများကို ကန့်သတ်ခြင်းနှင့် လက်ခံမည့် နေရာမရှိခြင်းတို့ကြောင့် စစ်ဘေးရှောင်များသည် ကရင်နီ (ကယား)ပြည်နယ်စပ်ဘက်သို့ ပြန်ပြီးထွက်ပြေးခိုလှုံလာရခြင်း ဖြစ်သည်။

အဆိုပါ စစ်ဘေးရှောင်များသည် သျှမ်း-ကရင်နီ (ကယား) ပြည်နယ်စပ်ရှိ ဖယ်ခုံမြို့ စစ်ဘေးရှောင် စခန်းများနှင့် ကရင်နီ (ကယား) ပြည်ရှိ ဒီမော့ဆို စစ်ဘေးရှောင်များတွင် ထွက်ပြေးခိုလှုံလာကြသည်ဟု စစ်ရှောင်များကိုကူညီပေးနေသည့် Kayan Rescue Committee- KRC မှတာဝန်ခံတစ်ဦးက ပြောသည်။

“ပြီးခဲ့တဲ့ သုံး၊ လေးရက်လောက်က မှော်ဘီမှာလမ်းပိတ်တာရှိတယ်။ တခြားလမ်းတွေလည်း ပိတ်တာတော့ အဲ့ကြောင့်ဒီဘက်ကိုရှောင်လာကြတာ။ နောက်တစ်ချက်ကျတော့ မှတ်ပုံတင် ၂/ ကိုင်ထားတဲ့သူတွေ အခက်ခဲဖြစ်တယ်။ ဆွေမျိုးအိမ်မရှိရင် နေစရာမရှိဘူး။ အဲ့ဘက်မှာလည်း လက်ခံမဲ့ ကျေးရွာတွေလည်းမရှိဘူး။ အများအားဖြင့် လက်ခံတဲ့နေရာမျိုးလည်း အရမ်းခက်ခဲတဲ့အတွက် ဒီဘက်ကိုလာတဲ့သူတွေ ပိုများတာပေါ့” ဟု ၎င်းကပြောသည်။

စစ်ကောင်စီ ဝါဒဖြန့်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ကလည်း ပအိုဝ်းဒေသကို KNDF နှင့် PDF တို့က လာရောက်ကျူးကျော်ဖျက်ဆီးနေသည်ဟု မကြာခဏ ဝါဒဖြန့်လေ့ရှိသောကြောင့် အချို့ကျေးရွာတွင်မှု ကရင်နီမှလာသော စစ်ဘေးရှောင်များအား လက်မခံချင်ကြကြောင်း သိရသည်။

လက်ရှိ ကရင်နီ (ကယား) ပြည်နယ်စပ်ဒေသရှိ စစ်ဘေးရှောင်စခန်းသို့ လာရောက်ခိုလှုံနေရသည့် စစ်ဘေးရှောင်များသည် အမိုးအကာနှင့် စားနပ်ရိက္ခာလိုအပ်နေကြောင်းလည်း သိရသည်။

“အခုကျနော်တို့ စစ်ဘေးရှောင်တွေကတော့ စားနပ်ရိက္ခာနဲ့ အမိုးအကာတွေ တော်တော်အခက်အခဲ ဖြစ်တာပေါ့လေ။ စားနပ်ရိက္ခာနဲ့ အမိုးအကာတွေ အရမ်းလိုအပ်နေတယ်။ အခုလည်း မိုးတွင်းကာလ ဖြစ်တယ်ဆိုတော့လေ။ ဆေးဝါးတွေကော အရေးပေါ်လိုအပ်နေတယ်” ဟု Kayan Rescue Committee- KRC မှတာဝန်ခံတစ်ဦးကပြောသည်။

ထို့အပြင် ပင်လောင်းမြို့နယ် နမ့်နိန်းကျေးရွာ၊ လုံးပျဉ် စသည့်ကျေးရွာဘက်တွင်လည်း လက်ရှိအချိန်ထိ တိုက်ပွဲပြင်းထန်နေသည်ဟု သိရသည်။

February 10, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း တကြောတွင် တိမ်းရှောင်နေရသည့်...
February 9, 2026
စိုင်းဟန်လင်း — ခေတ်သစ်ဗမာ့ခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များအနေဖြင့် အတိတ်က...
February 7, 2026
သျှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့ အရှေ့မြို့ပတ်လမ်းရှိ ဗိုလ်ချုပ်အောင်ဆန်း အားကစားကွင်း...
February 6, 2026
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် ဝမ်စယ်ကျေးရွာသား (၉) ဦးကို...