လွိုင်ကော်ဘက် စစ်ကောင်စီဘက်က စစ်ကြောင်းထိုး၊ ရပ်ကွက်ထဲ မိုင်းထောင်ထား

လွိုင်ကော်ဘက် စစ်ကောင်စီဘက်က စစ်ကြောင်းထိုး၊ ရပ်ကွက်ထဲ မိုင်းထောင်ထား

ကရင်နီ (ကယားပြည်) လွိုင်ကော်မြို့အနီးသို့ စစ်ကောင်စီဘက် မှ စစ်အင်အားဖြည့်တင်းနေပြီး၊ မိုင်းလုံရပ်ကွက်အနီးတွင် စစ်ကောင်စီဘက်က တပ်စွဲထားပြီး မိုင်းထောင်ထားကြောင်း စုံစမ်းသိရသည်။

ကရင်နီပြည် လွိုင်ကော်မြို့နယ် မိုင်းလုံရပ်ကွက်အနီးတွင် စစ်ကောင်စီဘက်က တပ်စွဲထားပြီး မိုင်းထောင်တာတွေ ရှိသကဲ့သို့ စစ်ကောင်စီ စစ်ကြောင်းထိုးရင်လည်း ပြည်သူများကို ဓားစာခံအဖြစ်ပြုလုပ်မည်ကို စိုးရိမ်သဖြင့် ထပ်မံရှောင်နေကြကြောင်း လွိုင်ကော်မြို့ခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ရပ်ကွက်ထဲမှာက အစကတည်းက လူသိပ်မရှိပါဘူး ။ ဘာလို့ဆို စစ်ကောင်စီတွေက အဲနားမှာတပ်တွေစွဲတယ်။မိုင်းထောင်တာတွေ လုပ်တော့ တော်တော်များများက မနေရဲတော့ဘူးလေ၊ စစ်ကြောင်းထိုးရင် ပြည်သူတွေကို ဓားစာခံ လူသားဒိုင်းလုပ်မယ်၊ ကိုယ့်အိုးကိုယ့်အိမ်မို့ မရှောင်နိုင်ပဲ ကျန်တဲ့ပြည်သူတွေ ကြားညှပ်ပြီး ခံရတော့မှာစိုးရိမ်တယ်’’ဟု ၎င်းက ပြောသည်။

စစ်ကောင်စီမှ ၎င်းတို့ ခြေကုတ်ရယူထားတော့ စစ်စခန်းများကို လက်မလွတ်စေရေးအတွက် အပြင်းအထန်ကြိုးစားနေပြီး နည်းအမျိုးမျိုးဖြင့် ကာကွယ်ထိုးစစ်ဆင်လျက်ရှိကြောင်း သိရသည်။

" စစ်တပ်ကတော့ သူတို့ရရှိပြီးသားနေရာတွေ လက်မလွတ်ရအောင် နောက်ထပ်စိုးမိုးနယ်မြေတွေ ရရှိအောင် လုပ်မှာဖြစ်သလို ၊ ကျွန်တော်တို့အနေနဲ့လည်း ထိုးစစ် ခံစစ် နည်းအမျိုးမျိုးနဲ့ ပြည်သူတွေကို နိုင်သလောက် ကာကွယ်ပေးနေမှာပဲ’’ဟု လွိုင်ကော်မြို့ ပြည်သူ့ကာကွယ်ရေးတပ်သား တစ်ဦးကသျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီတပ်သားများက လွိုင်ကော်မြို့တွင်း၌ အရပ်သားဝတ်ဖြင့် လှုပ်ရှားနေပြီး တော်လှန်ရေး တပ်ဖွဲ့ ၊စစ်ရေးသတင်းများကို စုဆောင်းနေကြောင်း၊ ပြည်သူများအနေဖြင့် ဂရုစိုက်သွားလာရန်လိုအပ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောသည်။

စစ်ကောင်စီ၏ စစ်ကြောင်းအလုံးအရင်း အင်အားဖြည့်မှုကြောင့် သျှမ်းတောင် ဆီဆိုင်မြို့နှင့် ကရင်နီပြည် လွိုင်လင်လေးကျေးရွာတွင် စစ်ရေး ထိတွေ့မှုရှိလာနိုင်သဖြင့် ပြည်သူများ သတိဖြင့်နေထိုင်ကြရန် JOBS For Kayah မှ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီ တပ်သားအင်အား ၅၀၀ နီးပါးရှိသော စစ်ကြောင်းသည် ဆီဆိုင်မြို့မှ တဆင့် ချီတက်လာပြီး လက်ရှိ ဆီဆိုင်-မိုးဗြဲ-လွိုင်ကော် လမ်းခွဲတွင် ရောက်ရှိနေပြီဟု သိရသည်။

၂၀၂၃ နိုဝင်ဘာလ ၁၁ ရက်မှစတင်ခဲ့သည့် (၁၁၁၁) စစ်ဆင်ရေး ကာလအတွင်း စစ်ကောင်စီ တပ်စခန်းများ ဖြစ်သည့် လွိုင်ကောက်မြို့နယ် စခန်း (၁၂) ခု၊ ဒီးမော့ဆိုမြိုနယ် စခန်း (၁၃) ခု၊ ဖားဆောင်မြို့နယ် စခန်း (၉) ခု၊ ဘောလခဲမြို့နယ် စခန်း (၅) ခု၊ ရှားတောမြို့နယ် စခန်း (၇)၊ ဖယ်ခုံမြို့နယ် (၁၇) ခုနှင့် မယ်စဲမြို့နယ် (၁) ခုနှင့် ဖရူဆိုမြို့နယ် စခန်း (၁) ခု စုစုပေါင်း တပ်စခန်း (၆၅) ခုကို ပြည်သူ့ကာကွယ်ရေးတပ်များက သိမ်းဆည်းနိုင်ခဲ့သည်။

လက်ရှိ ကရင်နီ စစ်ဘေးရှောင် (၆၀၀၀၀) ဝန်းကျင်ရှိလာပြီဟု သိရသည်။

Most read this week

June 16, 2026
ထိုင်း-မြန်မာနယ်စပ် လောက်ကိုင်မြို့တွင် လူသတ်မှုအပါအဝင် ရာဇဝတ်မှုများ ကျူးလွန်သည်ဟုဆိုကာ...
June 15, 2026
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည်...
June 13, 2026
စိုင်းဟန်လင်း — မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့တွင် အလုပ်ရရှိမည်ဟုဆိုသည့် အွန်လိုင်းအလုပ်ခေါ်စာကို...
June 12, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် တောင်ပိုင်း မိုင်းရှူမြို့နယ်ရှိ အစိုးရ စာကျောင်းများတွင်...