တက္ကသိုလ် ကျောင်းသားတစ်ဦးကို ထောင်တွင်း တရားရုံးက နှစ်ရှည်ထောင်ဒဏ်များ ချမှတ်

တက္ကသိုလ် ကျောင်းသားတစ်ဦးကို ထောင်တွင်း တရားရုံးက နှစ်ရှည်ထောင်ဒဏ်များ ချမှတ်

ထားဝယ်တက္ကသိုလ် ဒုတိယနှစ်ကျောင်းသားတစ်ဦးကို စစ်ကောင်စီ၏ ထားဝယ်အကျဥ်းထောင်တွင်း တရားရုံး ကနေ နှစ်ရှည်ထောင်ဒဏ် ချမှတ်လိုက်သည်ဟု အကျဥ်းဦးစီးဌာန တာဝန်ရှိသူများက ပြောသည်။

ထားဝယ်တက္ကသိုလ်၊ ဒဿနိကဗေဒ (အထူးပြု) ဒုတိယနှစ်ကျောင်းသား ကိုလင်းထက်ဖြိုးကို တော်လှန်ရေး အဖွဲ့ များအား ငွေကြေးထောက်ပံ့နေသည့် စွပ်စွဲချက်များနှင့် အောက်တိုဘာလ ၁၆ ရက်နေ့က ထောင်ဒဏ် ၁၅ နှစ် အမိန့်ချခဲ့သည်ဟု အကျဉ်းဦးစီးဌာန တာဝန်ရှိသူက ပြောသည်။

အကြမ်းဖက်ဟု ကြေညာထားသည့် အဖွဲ့များကို ငွေကြေးထောက်ပံ့မှု ဥပဒေ ပုဒ်မ ၅၀-ည အရ ထောင်ဒဏ် ၁၁ နှစ်၊ အကြမ်းဖက် အဖွဲ့များကို ကူညီဆောင်ရွက်ပေးမှုနှင့် သက်ဆိုင်သည့် ဥပဒေပုဒ်မ ၅၂-က နှင့် ထောင်ဒဏ် ၄ နှစ်၊ စုစုပေါင်း ၁၅ နှစ် ချမှတ်ခံရကြောင်း အကျဉ်းထောင်တွင်း တရားရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

မိသားစုဝင်တစ်ဦးက “တော်လှန်ရေးအဖွဲ့တွေကို ဖုန်းနဲ့ဆက်သွယ်ပြီး ငွေကြေးနဲ့ ပစ္စည်းတွေ ထောက်ပံ့ထားတဲ့ အချက်အလက်တွေ တွေ့ရတယ်လို့ တရားသူကြီးက ပြောဆိုပြီးအမိန့်ချလိုက်တာပါ” ဟု ပြောသည်။

ကိုလင်းထက်ဖြိုးအား ချမှတ်လိုက်သည့် အမိန့်မှာ အပြီးသတ်အမိန့်ဖြစ်ပြီး နောက်ထပ် တရားစွဲဆိုထားသည့် ပုဒ်မများ မရှိတော့ဘူးဟု ဆိုသည်။

ကိုလင်းထက်ဖြိုးသည် စစ်အာဏာမသိမ်းခင်က ကျောင်းကပွဲများနှင့် ထားဝယ်မြို့ပေါ် က အပျော်တမ်းပွဲများမှာ DJ တီးခတ်သူတစ်ဦးဖြစ်ပြီး  စစ်အာဏာသိမ်းပြီးနောက် ကျောင်းဆက်မတက်ပဲ ပညာသင် ရပ်နားထားသူ ဖြစ် သလို သပိတ်စစ်ကြောင်းများမှာလည်း လိုက်ပါကူညီပေးဖူးသူဖြစ်သည်ဟု ထောင်တွင်းတရားရုံးနှင့် နီးစပ်သူက ပြောသည်။

ကိုလင်းထက်ဖြိုးကို ထားဝယ်မြို့ ညောင်ရမ်းတောင်ရပ်ကွက်က ၎င်း၏အိမ်မှာပဲ အရပ်ဝတ် ဝတ်ဆင်ထားသည့် စစ်ကောင်စီတပ်နှင့် ရဲများက ဇူလိုင်လ ၂၆ ရက်နေ့တွင် လာရောက်ဖမ်းဆီးခဲ့ပြီး တစ်လခန့်အကြာ သြဂုတ်လ နောက်ဆုံးပတ်ထဲ၌ အကြမ်းဖက် ဥပဒေပုဒ်မများနှင့် တရားစွဲဆိုခံခဲ့ရခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ထားဝယ်မြို့ခံ အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး ၅၀-ည ပုဒ်မနှစ်ခု အပါအဝင် အကြမ်းဖက်မှု ဥပဒေ ပုဒ်မ ၅ ခုဖြင့် တရားစွဲဆိုခဲ့သလို စုစုပေါင်း ထောင်ဒဏ် ၄၄ နှစ် အထိ အမိန့်ချမှတ်ခဲ့သည်ဟု ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက် (DPPN) မှ ထုတ်ပြန်ထားသည်။

ပြစ်ဒဏ်ချမှတ်ခံခဲ့ရသူမှာ အသက် ၃၄ နှစ်အရွယ် မယဉ်ယဉ်ချို ဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ် အတွင်း ထားဝယ်မြို့၊ အနောက်ရပ်ကွက်တွင် မောင်ဖြစ်သူ ကိုသက်ဇော်ဝင်းနှင့်အတူ ဖမ်းဆီးခံခဲ့ရသည်။

ထို့နောက် အကြမ်းဖက် ဥပဒေပုဒ်မများနှင့် တရားစွဲဆိုခံခဲ့ရခြင်းဖြစ်ပြီး ထားဝယ်ထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသူများထဲတွင် အမြင့်ဆုံးထောင်ဒဏ် ချခံထားရသူလည်းဖြစ်သည်။

April 25, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ လျှပ်စစ်မီးပြတ်တောက်မှုနှင့်...
ဓါတ်ပုံ - PPNM
April 24, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေး...
April 23, 2026
ထီးချိုင့်မြို့ကို ပြန်လည်ထိန်းချုပ်ထားသည့် စစ်တပ်သည် ဧရာဝတီမြစ်ကြောင်းအတိုင်း ကသာမြို့ ဘက်သို့...
Photo-KnIC (ပုံဟောင်း)
April 22, 2026
စစ်တပ်ကို နိုင်ငံရေးမှာ ဝင်ရောက်စွတ်ဖက်ခွင့်ပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် NCA...