ကရင်နီတွင် အရပ်သား ၃၀၀ ကျော် အသတ်ခံရ

ကရင်နီတွင် အရပ်သား ၃၀၀ ကျော် အသတ်ခံရ

စစ်အာဏာသိမ်းပြီးနောက် ၂ နှစ်တာ ကာလအတွင်း ကယား (ကရင်နီ) ပြည်မှာ အရပ်သား ပြည်သူ ၃၀၀ ကျော် ကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့သည်ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က ပြောသည်။

ယခုရက်ပိုင်းအတွင်းက ပြုလုပ်ခဲ့သည့် ကရင်နီ အိပ်မက် မောင်း ၁၀၀ စကားဝိုင်းမှာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ဥက္ကဋ္ဌ ခွန်းဘီထူး က ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ခွန်းဘီထူးက “စစ်ကောင်စီရဲ့ သတ်ဖြတ်မှုတွေကြောင့် ဒီကရင်နီပြည်မှာ ၂ နှစ်တာ ကာလထဲမှာဆိုရင် အရပ်သား ပြည်သူပေါင်း ၃၀၀ ကျော်ပေါ့နော်။ အသတ်ခံခဲ့ရတဲ့ အခြေအနေပေါ့နော် ရှိခဲ့တယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်က အရပ်သားပြည်သူများကို ဖမ်းဆီး နှိပ်စက်သတ်ဖြတ်ခြင်း၊ အရပ်သားပြည်သူများ ရှိသည့် နေရာများကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်နှင့်ပါ ဗုံးကြဲတိုက်ခိုက်ခြင်း၊ စစ်ဆင် ရေး တက်လာသည့် အခါတိုင်းတွင် မြို့ရွာများကို ပစ်ခတ်ကာ ဝင်ရောက်လာခြင်းစသည့် နည်းများဖြင့် ပြည်သူ များကို သတ်ဖြတ်ခဲ့သည်ဟု KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက ဆက်ပြောသည်။

“ပြီးခဲ့တဲ့ လပိုင်းထဲမှာ ဆိုရင် မိုးဗြဲထဲမှာဆိုရင် အရပ်သား ၁၇ ယောက်နီးပါးပေါ့နော်။ ဒါ ရက်ပိုင်းအတွင်းမှာ ပစ်သတ်ခံရတယ်။ အလောင်းတွေကို ကျနော်တို့ ပြန်ရှာလို့မရ၊ ပြန်တောင်းလို့လည်းမရပေါ့နော် စစ်ကောင်စီ က မိုးဗြဲမြို့ထဲကို ဝင်လာပြီးမှ တွေ့သမျှ လူထုတွေကို ပစ်သတ်လိုက်တာပေါ့နော်။ ဘယ်သူပဲ သေသေ ကိုယ်မ သေရင် ပြီးရောဆိုတဲ့ သဘောနဲ့ပေါ့နော်။ အခုဏပြောတဲ့ သတ်ဖြတ်မှုတွေပေါ့နော် နေရာတိုင်းမှာ ဖြစ်ပြီးမှ သတ်ဖြတ်ခဲ့တယ်။ ဒါကြောင့်မို့လို့ ဒီလွိုင်ကော်လမ်းဘေးပေါ့နော် လွိုင်ကော်မြို့ အဝင် လမ်းဘေးမှာပေါ့နော လူထုတွေ ပေါင်းများစွာပေါ့နော်။ ပြီးခဲ့တဲ့ လတွေမှာပေါ့နော အသတ်ဖြတ်ခံခဲ့ရတာ ရှိတယ်ပေါ့နော်။”

အဆိုပါ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကရင်နီပြည်နယ် တစ်ခုထဲတင် မဟုတ်ဘဲ မြန်မာနိုင်ငံအနှံ့မှာလည်း စစ်ကောင်စီတပ်က လုပ်ဆောင်နေသည်ဟု KNDF  ဥက္ကဋ္ဌ က ပြောသည်။

စစ်ကောင်စီတပ်က ကျူးလွန်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများမှာ သာမန် လူ့အခွင့်အရေး ချိုးဖောက်မှု များ မဟုတ်တော့ဘဲ နိုင်ငံတကာက သတ်မှတ်ထားသည့် နိုင်ငံတကာ ရာဇဝတ်မှုများကို စနစ်တကျ ကျူးလွန် နေသည့် အဆင့်ကို ရောက်ရှိနေပြီဟု အမျိုးသားညီညွတ်ရေး အစိုးရ NUG ၏ လူအခွင့်အရေးဆိုင်ရာ ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း က ပြောသည်။

“အခုဖြစ်နေတာ ကျနော်တို့ တိုင်းပြည်က သာမန် လူ့အခွင့်အရေး အပိုဒ် ၃၀ ကို ချိုးဖောက်နေတာ မဟုတ်ဘူး။ ပြည်သူတွေကို ရန်သူလိုသတ်မှတ်ပြီးတော့ ကျူးလွန်တဲ့ လူသားမျိုးနွယ်ကို ထိခိုက်တဲ့ ရာဇဝတ်မှု Crimes Against Humanity၊ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှု War Crime နောက်တစ်ခါ ကျနော်တို့ရဲ့ ညီနောင်တွေ ဖြစ်တဲ့ ရို ဟင်ဂျာတွေ အပေါ်မှာ ကျူးလွန်ခဲ့တဲ့ ဂျီနိုဆိုက် အဲ့လိုမျိုးအမှုတွေကို စနစ်တကျ ကျူးလွန်နေတာ။ အဲဒီတော့ ဒါ သာ မန် လူ့အခွင့်အရေး ချိုးဖောက်တဲ့ အဆင့်မဟုတ်ပဲနဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်နေတဲ့ ရာဇဝတ် ကောင် တွေ ဖြစ်တယ်။ ဒါကြောင့်မို့လို့ ခနကလိုမျိုး Statement ထုတ် ဝမ်းနည်းတာမကတော့ပဲ ရာဇဝတ်မှုကျူး လွန် တဲ့ ရာဇဝတ်ကောင်တွေကို အရေးယူမှုအဆင့် နိုင်ငံတကာထိအောင် ကျနော်တို့ ဒါကိုလုပ်ဆောင်သွားလေ့ ရှိပါ တယ်။”

စစ်ကောင်စီက ကျူးလွန်နေသည့် ရာဇဝတ်မှုများကို လူ့အခွင့်ရေးကောင်စီကနေ တစ်ဆင့် နိုင်ငံတကာနှင့် ကုလ သမဂ္ဂက ဦးဆောင်ပြီး လုပ်ဆောင်နိုင်မည့် အရေးယူမှုများကို ဆက်လက်ကြိုးပမ်း ဆောင်ရွက်နေသည်ဟု ဦးအောင်မျိုးမင်း က ဆိုသည်။

တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF ၏ ဩဂုတ်လ ၁ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ စစ်အာဏာ သိမ်းစ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ ကရင်နီပြည်နယ်ထဲ အရပ်သား ပြည်သူ သတ်ဖြတ်ခံရသူ ၃၇၅ ဦး၊ မတရားဖမ်းဆီးခံထားရသူ ၁၉၆ ဦးရှိပြီဖြစ်ပြီး ပြည်နယ်အတွင်း တိုက်ပွဲပေါင်း အကြိမ်ရေ ၇၆၆ ကြိမ် ဖြစ်ပွားခဲ့သည်ဟု ဖော်ပြထားသည်။

ဓါတ်ပုံ - ဇူလိုင်လအတွင်း စစ်တပ်က ပစ်လိုက်သည့် လက်နက်ကြီးကျည် ထိမှန်သူ အရပ်သားတစ်ဦး

ဓါတ်ပုံ - Crd
September 12, 2026
မန္တလေးတိုင်း၊ တံတားဦးမြို့နယ်ရှိ စစ်ဘက်သုံး ပင်မလေတပ်စခန်းဌာနချုပ် (တံတားဦး) ကို တော်လှန်ရေး...
September 12, 2026
မြန်မာ-ထိုင်း နယ်စပ်ရှိ မောတောင်နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် မြိတ်ခရိုင်...
September 11, 2026
မန္တလေးမြို့၊ တံတားဦး လေတပ်စခန်းအတွင်း ရပ်နားထားသည့် စစ်အုပ်စု၏ တိုက်လေယာဉ်များကို တော်...
September 11, 2026
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မောတောင်မြို့တွင် "သင်္ဂဟမိတ္တ" နာရေးကူညီမှုအသင်းပိုင်...