စစ်အာဏာရှင်ကျဆုံးရေး နွေဦးတော်လှန်ရေး ဖြိုခွင်းချေမှုန်းရေး လုပ်ငန်းစဉ်တွင် စစ်အသုံးစရိတ် မြင့်တက်နေ သည့် အတွက် စစ်ကောင်စီက ဒေါ်လာကို အသည်းအသန် ထိန်းချုပ်နိုင်ရေး ကြိုးပမ်းလာသည်ဟု ငွေကြေးရေး ရာ ကျွမ်းကျင်သူတစ်ဦးက ပြောဆိုလိုက်သည်။
စစ်ကောင်စီက ပြည်သူ့ခုခံစစ် နွေဦးတော်လှန်ရေး တိုက်ပွဲများအတွင်း တော်လှန်ရေးအင်အားစုများကို မြေပြင် တိုက်ပွဲများတွင် အရေးနိမ့်လာသည့်အတွက် လေကြောင်းအပြင် အဝေးပစ် လက်နက်ကြီးများကို ဦးစားပေး အသုံးပြုနေသည်။
လေကြောင်းကို အဓိကအသုံးပြုလာရသည့် စစ်ကောင်စီက တဖက်တွင် စစ်အသုံးစရိတ်အတွက် ဒေါ်လာငွေ ရှားပါးမှုပြဿနာကို ရင်ဆိုင်နေရပြီး ပြည်တွင်းတွင်လည်း ခွင့်ပြုချက်မရှိဘဲ ဒေါ်လာကိုင်ဆောင်ပါက အရေးယူ မည်ဟု ခြိမ်းခြောက်မှုများ လုပ်ဆောင်နေသည်။
စစ်ကောင်စီ၏ ကျပ် ၂၀,၀၀၀ တန် ထုတ်ဝေမှုနှင့်အတူ ပြည်တွင်းဒေါ်လာလိုအပ်ချက် မြင့်မားလာသည့် အတွက် အမေရိကန်ဒေါ်လာမှာ သြဂုတ်တတိယပတ်အတွင်း တစ်ဒေါ်လာကို ကျပ် ၃၉၀၀ နီးပါး ဈေးနှုန်း ထပ်မံ မြင့်တက် လာသည်။
စစ်လက်နက် ပစ္စည်းများ ဝယ်ယူရာတွင် ဒေါ်လာကို အဓိက အသုံးပြုနေရသည့် အတွက် တိုက်ပွဲများ ပိုမို ပြင်း ထန်လာသည်နှင့် အမျှ ဒေါ်လာလိုအပ်ချက်မှာ အမြင့်ဆုံး ရောက်ရှိလာခြင်းကြောင့် စစ်ကောင်စီက ဒေါ်လာကို နည်းမျိုးစုံသုံး၍ ထိန်းချုပ်ရန် ကြိုးပမ်းလာသည်။
ငွေကြေးရေးရာ ကျွမ်းကျင်သူလည်းဖြစ် ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRYU) အဖွဲ့ဝင် လည်း ဖြစ်သည့် ဦးတင့်လွင်က “သူရဲ့ တိုင်းပြည်အုပ်ချုပ်နိုင်စွမ်း ကျဆင်းနေတဲ့အတွက် ပြည်သူကို ခြိမ်းခြောက် နှိပ် စက်ပြီးတော့ အုပ် ချုပ်ရတဲ့အတွက် ပိုက်ဆံကအတော်ကုန်တာပေါ့။ ကိုယ့်ရွာတွေကို ဗုံးပြန်ကြဲရတယ်။ လက် နက်ကြီးနဲ့ ထုတယ်။ ဒီဟာတွေက နေ့စဉ်လုပ်နေတာ။ နေ့စဉ်တပြည်လုံးကို လုပ်နေရတဲ့အခါကျတော့ ဒီစရိတ်က မသေးဘူးပေါ့နော်။ လေယာဉ်ဆီစရိတ်ကအစ ဈေးတအားကြီးတာပေါ့လေ။ ဒီအပေါ်မှာ ပြည်တွင်း ငွေ ကုန်ကျ မှုရှိသလို ဒေါ်လာလိုအပ်ချက်အရရော၊ နိုင်ငံခြားသုံးငွေအနေနဲ့ လိုနေတာတွေရှိတဲ့အခါကျတော့ ဒီဟာကလည်း မဖြစ်မနေသူ့ရဲ့ ရပ်တည်ရေးအတွက် မဖြစ်မနေလုပ်နေရတယ်” ဟု ပြောသည်။
စစ်ကောင်စီ၏ လုပ်ဆောင်ချက်များမှာ စစ်အသုံးစရိတ်အတွက် ဒေါ် လာလိုအပ်ချက် မြင့်မားလာမှုအပေါ် ဖြေရှင်းရန် ကြိုးပမ်းလာခြင်း ဖြစ်သည်ဟု ဦးတင့်လွင်က ဆက်ပြောသည်။
“အဲဒီမှာငွေက အစိုးရအတွက် အသုံးစရိတ်က တအားကြီးတယ်။ သူတို့ရဲ့လက်ရှိ စစ်ရေးအခြေအနေကလည်း သူတို့ကိုယ့်ပြည်သူနဲ့ ကိုယ်ပြန်တိုက်ရတဲ့အခါမှာ အခြေအနေက မကောင်းတော့ နောက်ဆုံး အားလုံးသိတဲ့ အတိုင်းပဲ လေကြောင်းပစ်ကူတို့၊ လက်နက်ကြီးပစ်ကူတို့ သုံးနေရတယ်။ အဲဒီအချိန်မှာ အစိုးရရဲ့ အသုံးစရိတ်က တအားတက်တယ်။ ဒီအသုံးစရိတ်ကလည်း ဒီပစ္စည်းတွေက ကျပ်နဲ့ဝယ်လို့ရတာမဟုတ်တော့ ဒေါ်လာ လိုအပ် ချက်က ကြီးမားနေတာ” ဟု ပြောသည်။
ထို့အပြင် စစ်ကောင်စီက စစ်အသုံးစရိတ်အတွက် ဒေါ်လာရရှိဖို့ နည်းမျိုးစုံနှင့် လုပ်ဆောင်နေသလို ပို့ကုန်သွင်း ကုန် ကဏ္ဍများအပြင် ပြည်သူများဆီကပါ စုဆောင်ထားသည့် ဒေါ်လာများရရှိအောင် ထုတ်ပြန်ချက် မျိုးစုံထုတ် ကာ လုပ်ဆောင်လာသည်။
ဗဟိုဘဏ်က ပြည်တွင်းနေထိုင်သူတစ်ဦးတွင် တရားဝင်နည်းလမ်းနှင့် ရရှိထားသည့် အမေရိကန်ဒေါ်လာ ၁၀,၀၀၀ အထိ သို့မဟုတ် ထိုငွေကြေးပမာဏနှင့် ညီမျှသည့် ငွေထက်မပိုသော နိုင်ငံခြားငွေများကို လက်ခံရရှိ သည့် နေ့မှစပြီး ၆ လအတွင်းသာ ကိုင်ဆောင်ခွင့်ရှိသည်ဟုလည်း သြဂုတ် ၂၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ဦးတင့်လွင်က “ဒေါ်လာလို အပ်ချက် ကြီးမားနေတယ်။ ဒါကိုသူရှာဖွေတဲ့အခါမှာ ဆေးမြီးတိုအနေနဲ့ပဲသုံးပြီးတော့ ဆောင်ရွက်တယ်။ ဆောက်ရွက်တဲ့အခါ ပြည်သူကို ခြိမ်းခြောက်ပြီးတော့ ဒေါ်လာကိုမဆိုင်ရင်လည်း ကိုင်လို့ မရ ဘူး။ ဒါမျိုးအမိန့်တွေလည်း ထုတ်တာရှိတယ်။ ဒေါ်လာကိုင်သုံးနေတဲ့ လူတွေတောင်မှ မင်းတို့ ဒေါ်လာကို ရ လာ လို့ရှိရင် ဥပမာတစ်ဝက်ကို ပေါက်ဈေးဘယ်လိုဖြစ်ဖြစ် သတ်မှတ်ဈေးနဲ့သွင်းရမယ်။ ကျန်တဲ့ တစ်ဝက်ကိုလည်း သတ်မှတ်ဈေးဘဲ၊ ဈေးကနှစ်မျိုးရှိတာပဲရှိတာ တကယ်တမ်းတော့ အဲဒီဟာ ပေါက်ဈေးလည်းမဟုတ်ဘူး၊ ဒီတော့နှစ်မျိုးလုံးက အရှုံးခံပြီး ရောင်းရမယ်ဆိုတဲ့ သဘောဖြစ်နေတာပေါ့” ဟု ပြောသည်။
စစ်ကောင်စီက တိုက်ပွဲများတွင် လက်နက်ကြီးနှင့် လေကြောင်းပစ်ကူများကို အဓိကအသုံးပြုနေခြင်းကြောင့် လက်နက်ဝယ်ယူရန် ဒေါ်လာလိုအပ်ချက် ကြီးမားလာခြင်း ဖြစ်သည်။ စီးပွားရေးလုပ်ငန်းရှင်များကလည်း စစ် တပ်၏ ဒေါ်လာငွေထိန်းချုပ်မှုမှာ နိုင်ငံခြားငွေ မလုံလောက်မှုပြဿနာနှင့် ရင်ဆိုင်နေကြောင်း ပြသနေခြင်း ဖြစ်သည်ဟု ဆိုသည်။
ပြည်သူ့ခုခံစစ်ကို ရင်ဆိုင်နေရသည့် စစ်ကောင်စီက ယခုနှစ်ဘဏ္ဍာရေးနှစ်အတွင်း ကာကွယ်ရေးအသုံး စရိတ်မှာ ကျပ် ဘီလီယံ ၄၀၀၀ ကျော်အထိ စံချိန်တင်အသုံးပြုထားရပြီး NLD အစိုးရလက်ထက် ကာကွယ်ရေး အသုံး စရိတ်နှင့် နှိုင်းယှဉ်ပါက ဘီလီယံရာနှင့်ချီ ကွာဟနေသည်။
စစ်ကောင်စီက နိုင်ငံခြားသုံးငွေများကို ထိန်းချုပ်နိုင်ရန်အတွက် ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းတွင် နိုင်ငံခြားသုံး ငွေ ကြီးကြပ်ရေးကော်မတီကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ဒေါ်လာအပါအဝင် နိုင်ငံခြားသုံးငွေ အမျိုးမျိုးကို ထိန်းချုပ် နိုင်ရေး လုပ်ဆောင်နေသော်လည်း လက်ရှိအချိန်အထိ အောင်မြင်မှုမရရှိသေးပေ။







