ရေးတံတားရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် ဒရုန်းဖြင့် အတိုက်ခံရ

ရေးတံတားရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် ဒရုန်းဖြင့် အတိုက်ခံရ

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေး-ထားဝယ်လမ်းမပေါ် ရေးမြစ်ကူးတံတားကြီးရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် ဒရုန်းဖြင့် ထပ်မံတိုက်ခိုက်ခံရသည်ဟု ရေးဒေသခံများက ပြောသည်။

မကြာခဏ တိုက်ခိုက်ခံရပြီး လုံခြုံရေး တင်းကြပ်ထားသည့် ရေးတံတားကြီး စစ်ဆေးရေးဂိတ်ကို ရေးဘီလူး အဖွဲ့က မတ်လ ၇ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်တွင် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ရေးဒေသခံတစ်ဦးက “တံတားကြီးဂိတ်က မကြာခနပစ်ခတ်ခံနေရလို့ လုံခြုံရေးတွေတင်းကြပ်ထားတဲ့ကြားမှာ အခု ထပ်ပြီးတော့ တိုက်ခိုက်ခံရတယ်။ ပေါက်ကွဲသံက အကျယ်ကြီးပဲထိခိုက်မှု အခြေအနေကတော့ ကျနော် တို့လည်း သေချာမသိဘူး၊ ရေးမှာ စစ်အုပ်ချုပ်ရေး ကြေညာထားပြီးတဲ့ နောက်မှာ ပြည်သူတွေရဲ့ လုံခြုံမှု အခြေအနေက ပိုပြီးတော့ ဆိုးလာတယ်” ဟု ပြောသည်။

ရေးဘီလူးအဖွဲ့ ခေါင်းဆောင်ကတော့ ရေးတံတားကြီးရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် သွားရောက် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားပြီး အခြေအနေအသေးစိတ်ကိုတော့ ထုတ်ပြန်ထားခြင်းမရှိပေ။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့၊ နံနက် ၇ နာရီ အချိန်ခန့်ကလည်း ရေးတံတားကြီး စစ်ဆေးရေးဂိတ်ကို ရေးဘီလူး အဖွဲ့ က ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြသေးသည်။

နှစ်ဖက်ထိတွေ့ ပစ်ခတ်မှုဖြစ်စဉ်အတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိသလို ရေးဘီလူးအဖွဲ့ဘက်က လည်း ထိခိုက်သေဆုံးမှုရှိခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်နေ့ကလည်း ရေးတံတားကြီး စစ်ဆေးရေးဂိတ်ကို မွန်ပြည်နယ် အခြေပြုတော် လှန်ရေးအဖွဲ့အစည်း MSRO မှ ဗုံးလောင်ချာဖြင့် ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု MSRO အဖွဲ့က ထုတ်ပြန်ထားသည်။

ရေး-ထားဝယ် ကားလမ်းမပေါ်ရှိ ရေးမြစ်ကူးတံတားကြီး စစ်ဆေးရေးဂိတ်သည် ဒေသတွင်း လှုပ်ရှားနေသည့် ကာကွယ်ရေးတပ်ဖွဲ့များ မကြာခဏ ဝင်ရောက် ပစ်ခတ်တိုက်ခိုက်လေ့ရှိသည့် ဂိတ်တစ်ဂိတ် ဖြစ်ပြီး စစ်ကောင်စီ ဘက်ကလည်း လုံခြုံရေး အမြဲတိုးမြှင့်ထားသည်ဟု ဒေသခံတို့က ပြောသည်။

April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...
April 27, 2026
စစ်ဦးစီးချုပ်အသစ် “လက်စွမ်းပြလိုမှုနှင့်အတူ” ကချင်ပြည်အတွင်း စစ်ရေးပိုမိုတင်းမာလာနိုင်ဟု...
April 25, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ လျှပ်စစ်မီးပြတ်တောက်မှုနှင့်...