အံဒင်ကျောက်မီးသွေးစက်ရုံစီမံကိန်း ကန့်ကွက်သူ ၂၀ ဦး ရဲစခန်းတွင် ခေါ်ယူစစ်ဆေးခံရ

အံဒင်ကျောက်မီးသွေးစက်ရုံစီမံကိန်း ကန့်ကွက်သူ ၂၀ ဦး ရဲစခန်းတွင် ခေါ်ယူစစ်ဆေးခံရ
မွန်ပြည်နယ် ရေးမြို့နယ်တွင် တည်ဆောက်ရန် လျာထားသည့် အံဒင်ကျောက်မီးသွေး ဓါတ်အားစက်ရုံ စီမံကိန်းကို ထောက်ခံသူအချို့က မိမိတို့အား ခြိမ်းခြောက်သည်ဟူသော တိုင်ကြားမှုကြောင့် နှီးကရုတ်ကျေးရွာ ဥက္ကဋ္ဌ အပါအဝင် စီမံကိန်း ကန့်ကွက်သူ ၂၀ ဦးကို ရေးမြို့မ ရဲစခန်းတွင် ဇွန်လ ၁၃ ရက်နေ့က ခေါ်ယူစစ်ဆေးခဲ့ကြောင်း သိရသည်။

ရေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်သော် က “ဖြစ်စဉ်အမှန်ကို သိရှိအောင် ခေါ်မေးတဲ့ သဘောပါပဲ” ဟု ပြောသည်။

ယခင်က စက်ရုံ စီမံကိန်းအတွက် မြေယာများကို လိမ်လည်ဝယ်ယူမှု ဖြစ်ပွားခဲ့သည့် နှီးကရုတ်ကျေးရွာ၌ စီမံကိန်း ထောက်ခံသူတစ်ဦး ဖြစ်သည့် သာဂရမ်ရွာသူ မရီဌေးက မေလ ၁၅ ရက်နေ့တွင် မြေယာကိစ္စနှင့် ပတ်သက်၍ လုပ်ကိုင်ဆောင်ရွက်နေသည်ကို ဒေသခံများက ကျောက်မီးသွေးစက်ရုံ အလိုမရှိ ကြွေးကြော်သံများဖြင့် ဝိုင်းဝန်းကန့်ကွက်ရာမှ လူစုလူဝေးအသွင် ဖြစ်ပွားခဲ့ပြီး၊ ယင်းဖြစ်ရပ်ကို မေလ ၂၅ ရက်နေ့ ရက်စွဲဖြင့် မရီဌေး၊ ဦးသာတေ၊ ဒေါ်ကြည်လင်း၊ မခင်ခင်ထွေး (၄) ဦးတို့က ရေးမြို့နယ် ရဲစခန်းသို့ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

တိုင်ကြားစာတွင် “သာဂရမ်ကျေးရွာနေ မရီဌေးသည် ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးကိစ္စတွင် စက်ရုံဖြစ်မြောက်ရေးအတွက် ထောက်ခံသူတစ်ယောက် ဖြစ်ပါသည်” ဟု ပါရှိသည်။

၎င်းအပြင် “မရီးဌေးမှာ လယ်မြေရှိပြီး (၁၅- ၅- ၂၀၁၅) ရက်နေ့တွင် နှီးကရုတ်ကျေးရွာသို့ လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် ရရှိရန်အတွက် လယ်နီးနားချင်း၊ မိတ်ဆွေလယ်သမားများထံသို့ သွားရောက်တိုင်ပင်ကြရာ ထိုအချိန်တွင် ကျေးရွာ (ရာအိမ်မှူး) ဖြစ်သူ ဦးအောင်မြင့်ရှိန်းက ပြဿနာရှာကာ ကျေးရွာအသီးသီးမှ အကြမ်းဖက်လူမိုက်များကို စုပေါင်းကာ မရီဌေးကို ရန်လိုရန်ဖွဲ့ ခြိမ်းခြောက်၍ မရီဌေးမှာ တိမ်းရှောင်ထွက်ပြေးပြီး ဦးသာတေ၊ ဒေါ်ကြည်လင်း နေအိမ်ပေါ်သို့ အကူအညီတောင်းကာ နေရတော့သည်” ဟု ပါရှိသည်။

ဆက်လက်ပြီး“ထို့အပြင် ဦးသာတေ၊ ဒေါ်ကြည်လင်းတို့ နေအိမ်ပေါ်သို့ ထပ်မံ၍ ဦးအောင်မြင့်ရှိန်း ဦးဆောင်သည့် လူမိုက်များက အိမ်ကို ဝိုင်းရံ ခြံစည်းရိုးဖျက်ဖြိုခြင်း၊ အိမ်ပေါ်သို့တက်၍ တုတ်ဆွဲဓားဆွဲဖြင့် သတ်မည်ဖြတ်မည်ဟု ကြိမ်းမောင်းကာ …“ စသည်ဖြင့်လည်း တိုင်ကြားစာတွင် ပါရှိသည်။

အံဒင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်ရှင်က ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ မိမိအနေနှင့် သိသိချင်း သွားရောက်ခဲ့ကြောင်း၊ လူစုလူဝေး ဖြစ်သွားသည့် သဘောသာ ဖြစ်ပြီး၊ တိုင်ကြားစာတွင် ပါရှိသည့် အချက်များမှာ မဟုတ်မှန်ကြောင်း၊ ကျောက်မီးသွေး စက်ရုံကိစ္စ ထောက်ခံသည်ကို အပြစ်မပြောလိုကြောင်း၊ စီမံကိန်း ကန့်ကွက်မှု အရှိန်မြင့်တက်နေချိန်တွင် ယခုကဲ့သို့ မြေယာကိစ္စကို မလုပ်သင့်သေးကြောင်း ပြောသည်။

တိုင်စာအရ ရေးမြို့မ ရဲစခန်းက မေလ ၂၆ ရက်နေ့ ရက်စွဲဖြင့် ဦးအောင်မြင့်ရှိန်းကို ပြစ်မှုပုဒ်မ ၄၄၇၊ ၄၅၁၊ ၅၀၆ များဖြင့် အမှုဖွင့်ခဲ့ပြီး၊ သံဖြူဇရပ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မြင့်သိန်းက လာရောက်စစ်ဆေးခြင်း ဖြစ်သည်။

စစ်ဆေးခံရသည့် ဒေသခံများအား လိုက်ပါကူညီဆောင်ရွက်ပေးသူ ရေးမြို့နယ် လူမှုအကျိုးဆောင်အဖွဲ့ အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းက “ဘယ်အတွက် ဘယ်လိုပုံစံနဲ့ စစ်ဆေးရေး ၀င်တာလဲ ဆိုတာကို အစစ်ခံရတဲ့ သူတွေကို ရှင်းလင်းပြောပြခဲ့ခြင်း မရှိခဲ့ဘူး။ လိုက်ပါကူညီတဲ့ ကျွန်တော့်အနေနဲ့ မေးမြန်းတော့လည်း တိတိကျကျ ပြောမပြခဲ့ဘူး” ဟု ပြောသည်။

ခေါ်ယူစစ်ဆေးစဉ်တွင် တိုင်ကြားချက် ဖြစ်စဉ်နှင့် ပတ်သက်၍ ကိုယ်တိုင် ပါဝင်မှု ရှိ မရှိ၊ နေအိမ်ခြံဝင်းအတွင်းသို့ ကျူးကျော် ဝင်ရောက်ခဲ့ခြင်း ရှိ မရှိ၊ ခြိမ်းခြောက်ခဲ့ခြင်း ရှိ မရှိ စသည်တို့ကို စစ်မေးခဲ့သည်ဟု ဦးအောင်မြင့်ရှိန်းက ပြောသည်။

အံဒင်ကျောက်မီသွေးစက်ရုံ စီမံကိန်းကို ထိုင်းနိုင်ငံ အခြေစိုက် တိုယိုထိုင်း ကုမ္ပဏီက ဒေါ်လာသန်း ၂၇၀၀ ရင်းနှီး ဆောက်လုပ်ကာ လျှပ်စစ်ဓါတ်အား ၁၂၈၀ မဂ္ဂါဝပ်ထုတ်ရန် လျာထားပြီး၊ ဧပြီလ ၉ ရက်နေ့တွင် ပြည်ထောင်စု အစိုးရ၊ လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာနနှင့် လုပ်ငန်းဆောင်ရွက်ခွင့် သဘောတူစာချုပ် (MoA) လက်မှတ်ရေးထိုးထားပြီး ဖြစ်သည်။

ထိုစီမံကိန်းကို ဒေသခံများက အစဉ်တစိုက် ကန့်ကွက်ခဲ့ပြီး၊ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ရေးမြို့နယ် လူမှုအကျိုးဆောင် အဖွဲ့က ဦးဆောင်ကာ အင်အား ၅၀၀ ဝန်းကျင်ဖြင့် ရေးမြို့တွင် စီတန်းလှည့်လည် ဆန္ဒပြခဲ့သည့်အပြင် မေလ ၅ ရက်နေ့တွင် လည်း ဒေသခံများ ဦးဆောင်ပြီး အံဒင်ကျေးရွာ ဘောလုံးကွင်းတွင် စီမံကိန်းကို ကန့်ကွက်ကြောင်း အင်အား ၆၀၀၀ ဝန်းကျင်ဖြင့် လူထုဆန္ဒ ဖော်ထုတ်ပွဲ ပြုလုပ်ခဲ့သည်။

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...