သံလွင်တိုင်းမ်သည် အများပြည်သူသိပိုင်ခွင့်အတွက်သာ အလုပ်လုပ်နေသည်

သံလွင်တိုင်းမ်သည် အများပြည်သူသိပိုင်ခွင့်အတွက်သာ အလုပ်လုပ်နေသည်

အာဏာသိမ်းစစ်အုပ်စုက သံလွင်တိုင်းမ်သတင်းဌာနကို ရှာဖွေ ဖိနှိပ်နေသည်မှာ (၆) လခန့်ရှိနေပြီဖြစ်သည်။ အာဏာသိမ်းစစ်အုပ်စု၏ လက်နက်ကိုင်အဖွဲ့တွေက သံလွင်တိုင်းမ်၏ ရုံးခန်းဖွင့်လှစ်ခဲ့ရာ ရုံးနေရာကို ရှာဖွေခြင်း၊ သံလွင်တိုင်းမ်၏ တာဝန်ရှိသူအချို့၏ နေအိမ်များကို အကြိမ်ကြိမ်ရှာဖွေခြင်းများကိုလည်း မကြာခဏပြုလုပ်နေခဲ့သည်။

ထို့နည်းတူပင် သံလွင်တိုင်းမ်သတင်းဌာနနှင့် မသက်ဆိုင်သူများကိုပါ ဆက်စပ်ပြီး စုံစမ်းစစ်ဆေးခြင်း၊ လိုက်လံရှာဖွေခြင်း၊ သတင်းမှားလွှင့်ခြင်းများကိုလည်း အာဏာသိမ်းစစ်အုပ်စုနှင့်အတူ ပတ်သက်ဆက်နွယ်သူများကလည်း တောက်လျှောက်ဆောင်ရွက်နေခဲ့သည်။

သံလွင်တိုင်းမ်သတင်းဌာနသည် မြန်မာနိုင်ငံအတွင်း အခြားသော သတင်းဌာနများနည်းတူ တာဝန်သိပြီး ဝာာဝန်ယူမှုရှိသော သတင်းဌာနတခုအဖြစ် ရပ်တည်လုပ်ကိုင်နေပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းအတွင်းရှိ သတင်းအချက်အလက်များကို အများပြည်သူသိပိုင်ခွင့်အလို့ငှာ ဆောင်ရွက်နေခြင်းဖြစ်သည်။

သံလွင်တိုင်းမ်သတင်းဌာနသည် အသွင်သစ်၊ အင်အားအသစ်၊ အဖွဲ့ဝင်အသစ်များဖြင့် ဆက်လက် လည်ပတ်နေခြင်းဖြစ်ပြီး စစ်အုပ်စုမှ အာဏာသိမ်းမှုဖြစ်ခဲ့ပြီးနောက်ပိုင်း သံလွင်တိုင်းမ်သတင်းဌာန နှင့်အတူ လက်တွဲဆောင်ရွက်နေခဲ့သောသူများအားလုံးကို တာဝန်မှ အနားပေးခဲ့ပြီးဖြစ်သည်။

သံလွင်တိုင်းမ်သတင်းဌာနသည် သတင်းဌာနအခြေစိုက်ရာဒေသအတွင်းရှိ သတင်းရင်းမြစ်များကို စစ်အုပ်စု၏ နည်းမျိုးစုံကန့်သတ်ဖိနှိပ်မှု၊ စစ်အုပ်စုနှင့် ပတ်သက်ဆက်စပ်ပူးပေါင်းနေသူများ၏ ကန့်သတ်စွပ်စွဲမှုတို့ကို ကျော်လွှားရင်း သတင်းရယူတင်ဆက်လျက်ရှိသည်။

သံလွင်တိုင်းမ်သတင်းဌာနအနေဖြင့် သံလွင်တိုင်းမ်ဖိနှိပ်ခံရသော်လည်း မည်သောအခါမှ ထုတ်ဖော် ပြောကြားခြင်းမရှိခဲ့ပါ။ သို့သော် ပိုမိုများပြားလာသော ဖိနှိပ်မှုများ၊ မသက်ဆိုင်သောသူများထံလည်း သွားရောက်အနှောင့်အယှက်ပြုမှုများ ခပ်စိတ်စိတ်ဖြစ်ပေါ်လာခြင်းမှာ သတင်းလွတ်လပ်ခွင့်ကို ထိပါးရုံသာမက ပုဂ္ဂလိက လုံခြုံမှုပါ ချိုးဖျက်ခံရသလို ဖြစ်လာသည့်အတွက် သံလွင်တိုင်းမ်သတင်းဌာန အနေဖြင့် များစွာစိတ်မကောင်းဖြစ်ရပါသည်။

သံလွင်တိုင်းမ်သည် အများပြည်သူတို့ထံ တိုက်ရိုက်ဝန်ဆောင်မှုပေးသည့် သတင်းဌာနဖြစ်ပြီး အခြေအနေ အဖြစ်အပျက်အစုံအလင်တို့ကို ရယူဖော်ပြနိုင်ဖို့သာ ကြိုးစားနေပါသည်။

အာဏာသိမ်းစစ်အုပ်စုသာမက ယင်းတို့နှင့် ပတ်သက်ဆက်စပ်သူများ၊ ယင်းတို့၏ လုပ်ရပ်ကို ယုံကြည်ကာ ပူးပေါင်းဆောင်ရွက်နေသူများပါ ဖိနှိပ်ကန့်သတ်မှုပြုလုပ်ခြင်းသည် အများပြည်သူတို့၏ သတင်းသိပိုင်ခွင့်ကို တိုက်ရိုက်ချိုးဖောက်ရာရောက်သလို အသွင်ကူးပြောင်းမည့် ဒီမိုကရေစီကို အညွန့်ချိုးသလိုဖြစ်နေသည်ဟု ယူဆပါသည်။ ယင်းအတွက်ကြောင့် သတင်းဌာနအပါအဝင်၊ သတင်းဌာနနှင့် မသက်ဆိုင်သူများကိုပါ ဖိနှိပ်မှုပြုလုပ်ခြင်းကို ရပ်တန့်ဖို့ မေတ္တာရပ်ခံလိုသည်။

ဆက်လက်ပြီး အများပြည်သူထံ အသိပေးလိုသည်မှာ သံလွင်တိုင်းမ်သတင်းဌာနအနေဖြင့် ပိုမိုကျယ်ပြန့်သော သတင်းဖော်ထုတ်ရေးသားမှုများကို ပြုလုပ်မည့်အပြင် မတူညီသော သတင်းချန်နယ်များကို အသုံးပြုပြီး သတင်းထုတ်ပြန်မှုများ ဆက်လက်ပြုလုပ်မည်ဖြစ်ပြီး မကြာမီတွင် ရေဒီယိုသံလွင်တိုင်းမ်အစီအစဉ်ကိုလည်း ထပ်မံတင်ဆက်မည်ဖြစ်ကြောင်း သတင်းကောင်းပါးလိုပါသည်။

ဖိနှိပ်ခံမြန်မာသတင်းဌာန၊ မြန်မာသတင်းသမားများနှင့်အတူ အများပြည်သူသိပိုင်ခွင့်အတွက် သံလွင်တိုင်းမ်သတင်းဌာနမှ ဖိနှိပ်မှုများအကြား၊ အခက်အခဲများအကြား ဆက်လက်အလုပ်လုပ်နေမည် ဖြစ်သည်။

မြန်မာနိုင်ငံအနှံ့အပြားမှ သတင်းသမားအများအပြားကိုလည်း မတရားဖမ်းဆီး၊ ထောင်ချနေမှုများကို သံလွင်တိုင်းမ်အနေနှင့် ကန့်ကွက် ရှုတ်ချပါသည်။

 
 

 

 

Most read this week

February 14, 2026
တော်လှန်ရေးခရီးဟာ ၅ နှစ်တာကာလကို ရောက်ရှိလာပြီဖြစ်လို့ အားလုံးဟာ ခရီးပန်းမှုဒဏ်ကို...
February 13, 2026
ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် ဖလူး၊ မင်းလက်ပံနယ်မြေဒေသထဲမှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲအတွင်း...
February 12, 2026
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျောက်ရေတွင်းကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်...
February 12, 2026
The junta has reportedly been burning and destroying documents linked to the 2020 election,...