လုပ်ငန်းလိုင်စဉ်မရှိပဲ ကိုယ်ပိုင် အိမ်စီးကားများ (နံပါတ်နက်) ဖြင့် တက္ကစီပြေးဆွဲမှု များပြားလာသောကြောင့် လုပ်ငန်းလိုင်စင်ရှိသော ကားများမှာ ခရီးသည်ရရှိမှု နည်းပါးလာခြင်းဖြစ်သည်။
“နံပါတ်နက်နဲ့ ဆွဲစားတဲ့လူတွေကို ထိန်းချုပ်ပေးစေချင်တယ်။ တချို့က နံပါတ်အနက်တွေနဲ့ ဆွဲစားကြတယ်လေ။ အဲလိုမျိုးတွေရှိတယ်။ လုပ်ငန်းလိုင်စင်လည်းမရှိဘူး" ဟု ဦးပေါကဆိုသည်။
တက္ကစီပြေးဆွဲသူများကို ယာဉ်မောင်းလိုင်စင် (ဃ/D) (အငှားကုန်တင်ယာဉ်နှင့် အငှားဘတ်စ်ကား ယာဉ်များမှ လွဲ၍ ကျန်မှတ်ပုံတင်ယာဉ်များ) ဖြင့်သာ မောင်းနှင်ခွင့်ပြုထားပြီး အိမ်စီးကားများကို လိုင်စင် (ခ/B) (၃တန်အထက် တင်ဆောင်နိုင်သော ကိုယ်ပိုင်မော်တော်ယာဉ်နှင့် ကိုယ်ပိုင်ဘတ်စ်ကားငယ်များ) ဖြင့် မောင်းနှင်ခွင့်ရသည့်အတွက် အိမ်စီးကားများမှာ မိမိတို့ထက် စစ်ဆေးခံရမှုအပိုင်းတွင် လျော့ပေါ့နေကြောင်း ဦးပေါက ဆိုသည်။
"ကျနော်တို့ အမြဲတမ်း တရားဝင်ပြေးဆွဲနေတဲ့လူတွေ အချိန်မရွေး သက်ဆိုင်ရာယာဉ်ထိန်း ရဲဌာနက အမြဲတမ်း ကျနော်တို့ အစစ်ဆေးခံရတယ်။ ... ခုနကပြောသလိုမျိုး နံပါတ်အနက်နဲ့ ဆွဲစားတဲ့သူတွေ ကျတော့ ဘာမှ အစစ်အဆေးမရှိဘူး" ဟု ဦးပေါက ဆက်ပြောသည်။
ထို့အပြင် လိုင်းပေါင်းစုံ ကားဂိတ်များမှ ခရီးသည်များကို အိမ်တိုင်ရာရောက် အကြိုအပို့ လုပ်ဆောင် ပေးနေမှုများကြောင့်လည်း ကားတက္ကစီသမားများနှင့် သုံးဘီး ဆိုင်ကယ် တက္ကစီသမားများမှာ ခရီးသည်ရရှိမှု နည်းပါးလာပြီး တခြားမြို့နယ်ဝေးသို့ သွားလာလိုသည့် ခရီးသည်များကို ထပ်မံရှာနေရသည်ဟု ယာဉ်မောင်း ဦးလှမျိုးအောင်ကဆိုသည်။
"အရင်တုန်းကတော့ တက္ကစီတွေ မရှိခင်တုန်းကတော့ တောက်လျှောက် တစ်စီးပြီးတစ်စီး ဝင်လာကြတာပေါ့ ဒီနောက်ပိုင်းမှာတော့ ကားတွေက အိမ်တိုင်ရာရောက် လိုက်ပို့တဲ့အတွက် လုပ်ငန်းကိုင်ငန်းက အဆင်မပြေတော့တဲ့အတွက် တက္ကစီတွေက အလုပ်မဖြစ်တော့ဘူး" ဟု ယာဉ်မောင်း ဦးလှမျိုးအောင်က ဆိုသည်။
ကယားပြည်နယ်အတွင်း တက္ကစီ ပြေးဆွဲသည့်စနစ်သည် လွန်ခဲ့သော ၃ နှစ်တွင်သာ စတင်ခဲ့ကြပြီး တစ်ပြည်နယ်လုံး စီးရေ ၈၀ ကျော် ရှိသည်ဟု သိရသည်။







