အမျိုးသမီးပါတီ ပြည်နယ်နှင့်တိုင်း ၃ ခုတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် လျာထား

အမျိုးသမီးပါတီ ပြည်နယ်နှင့်တိုင်း ၃ ခုတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် လျာထား
ဓါတ်ပုံ - Nai Ponya Ong Non Htaw
ဓါတ်ပုံ - Nai Ponya Ong Non Htaw
ပါတီတည်ထောင်ခွင့်ရပြီ ဖြစ်သည့် မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသမီးပါတီ (မွန်) သည် လာမည့် ရွေးကောက်ပွဲတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး သုံးခု၌ ဝင်ရောက်ယှဉ်ပြိုင်ရန် လျာထားသည်ဟု ပါတီဥက္ကဋ္ဌ မိသန်းရှင်က ပြောသည်။

မိသန်းရှင်က “အဓိက တိုင်းဒေသကြီးကို ကျွန်မတို့ အသားပေးပါတယ်။ မွန်ပါတီနှစ်ခု (မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် မွန်အမျိုးသားပါတီ) မသွားနိုင်တဲ့နေရာမှာ ကျွန်မတို့ သွားမယ်။ မွန်ပြည်နယ်မှာဆိုရင်လည်း သူတို့နှစ်ပါတီ သဘောတူလက်ခံတဲ့နေရာမှာ ကျွန်မတို့ ဝင်ပြိုင်ဖို့ အစီအစဉ် ရှိပါတယ်” ဟု ပြောသည်။

အမျိုးသမီးပါတီ (မွန်) သည် ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီတည်ထောင်ခွင့်လျှောက်ထားခဲ့ပြီး၊ ၂၀၁၅ ခုနှစ် မေလ ၂၈ ရက်နေ့တွင် ပါတီတည်ထောင်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။

ပါတီမှတ်ပုံတင် မရသေးသည့်အတွက် မွန်ပါတီနှစ်ခုနှင့် တရားဝင် တွေ့ဆုံမှု မရှိသေးကြောင်း၊ လာမည့်ရွေးကောက်ပွဲတွင် မွန်ပါတီများ ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်အတွက် ညှိနှိုင်းတိုင်ပင်ရန် အလားအလာရှိသည်ကို ပုဂ္ဂိုလ်ရေး တွေ့ဆုံမှုအရ သိမြင်ရကြောင်းလည်း မိသန်းရှင်က ပြောသည်။

အမျိုးသမီးပါတီ (မွန်)၏ နိုင်ငံရေးလမ်းစဉ်မှာ အမျိုးသမီး အခွင့်အရေး၊ ကလေးသူငယ် အခွင့်အရေးအတွက် ဦးစားပေးပြီး၊ အစိုးရနှင့် ပြေလည်အောင် ညှိနှိုင်းသည့်ပုံစံဖြင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း သူက ပြောသည်။

လက်ရှိ အမျိုးသမီးပါတီကို ဗဟိုအလုပ်အမှုဆောင် ကော်မတီ ၉ ဦး၊ ဗဟိုကော်မတီဝင် ၁၅ ဖြင့် စုဖွဲ့ထားပြီး၊ ပါတီမှတ်ပုံတင် ရရှိရန်အတွက် လာမည့် ရက်ပိုင်းအတွင်း ပါတီဖွဲ့စည်းပုံ၊ တာဝန်ခံ၊ ဒုတာဝန်ခံနှင့် ပါတီဝင် တစ်ထောင် စာရင်းများကို နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင်ထံ သွားရောက်တင်ပြမည်ဟု ပြောသည်။

မိသန်းရှင်က “လောလောဆယ် ပါတီအလံကို ရွေးနေတယ်။ ဘယ်အလံ ယူသင့်လဲဆိုတာ သံဃာတော်တွေ၊ လူကြီးတွေဆီက အကြံဉာဏ်တောင်းနေတယ်” ဟု ပြောသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုးက အမျိုးသမီးပါတီ ပေါ်လာသည်နှင့် ပတ်သက်၍ ကန့်ကွက်စရာ မရှိကြောင်း၊ လာမည့် ရွေးကောက်ပွဲတွင် မွန်နိုင်ငံရေးပါတီ အချင်းချင်း ညှိနှိုင်းသွားရန် လိုကြောင်း ပြောသည်။

သူက “မွန်ပါတီ ၃ ခု ဖြစ်လာပြီဆိုတော့ ၃ ခုစလုံးကို ညှိနှိုင်းဖို့ လိုမယ်လို့ ကျွန်တော်တော့ မြင်တယ်။ ရွေးကောက်ပွဲ နယ်မြေတစ်ခုတည်းမှာ သုံးပါတီစလုံး ဝင်ပြိုင်ကြမယ်ဆိုရင် ကျွန်တော်တို့မဲက သုံးပုံကွဲပြီးတော့ အဓိက ယှဉ်ပြိုင်တဲ့ပါတီနဲ့ ပြိုင်နိုင်မှာ မဟုတ်ဘူး” ဟု ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်၌ မွန်နိုင်ငံရေးပါတီ ၃ ခုအပြင်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စသည်တို့ကလည်း ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...