နမ္မတူမြို့နယ် စစ်ရှောင် ၈၀၀ ကျော်အတွက် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်

နမ္မတူမြို့နယ် စစ်ရှောင် ၈၀၀ ကျော်အတွက် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်တွင် စစ်ဘေးရှောင် ၈၀၀ ကျော်ထိ ရှိလာသဖြင့်စားနပ်ရိက္ခာ အရေးပေါ် လိုအပ် နေကြောင်း စစ်ဘေးရှောင် ကူညီပေးနေသူများက ပြောသည်။

နမ္မတူမြို့နယ် ပန်ချင်ကျေးရွာအုပ်စု အတွင်း ယနေ့ (ဇန်နဝါရီ ၅)ရက် မနက်ပိုင်းမှ စတင်ကာ ညနေပိုင်းထိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၂ဖွဲ့ တိုက်ပွဲဖြစ်ပွားမှုကြောင့် မန်စံဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင် (၂၄၉ )ဦး နှင့် နားဆိုင်းကျေးရွာ တွင် (၆၂၂)ဦးထိ ရှိလာကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသည့်သူများထံစုံစမ်းသိရသည်။

မန်စံကျေးရွာ ဘုန်းကြီးကျောင်းသို့ ရောက်ရှိနေသည့် စစ်ရှောင် (၂၄၉ )ဦးသည် ညောင်ဆွယ်၊ မိုက်ဟုန်းနှင့်လုပ်လေ ကျေးရွာမှ ဒေသခံများဖြစ်ကြပြီး၊ နောင်းဆိုင်းကျေးရွာ သို့ ရောက်ရှိနေသည့် စစ်ရှောင် (၆၂၂)ဦးသည် မိုက်ဟုန်း၊ ဟွေဟုန်းနှင့် နားမတ်ကျေးရွာမှ ဒေသခံများဖြစ်ကြောင်း သိရသည်။

“ အခု စစ်ရှောင် ၈၀၀ ကျော်လောက် ရှိလာတယ်။ အခုထိ တိုးနေတုန်းပဲ။ နားဆိုင်းကျေးရွာက ၆၀၀ကျော် ဆိုတော့ စားနပ်ရိက္ခာက ပိုပြီး လိုအပ်တယ်။ အဓိကတော့ စောင်နဲ့ အစားအသောက်တွေလိုတယ်။ လူများလာတဲ့အတွက် စားနပ်ရိက္ခာတွေ လိုတယ်” ဟု စစ်ရှောင်ကူညီပေးနေသည့် အမျိုးသားတဦး ကပြောသည်။

လက်ရှိမှာ ဆောင်းရာသီဖြစ်သည့်အလျောက် စစ်ရှောင်များအတွက် ကျန်းမာရေးကို ပိုပြီး ဂရုစိုက်ရကြောင်း၊ လူများသည့်အတွက် ဝမ်းပျက်၊ ဝမ်းလျော ဖြစ်ပွားမှုကိုလည်းစိုးရိမ်နေရသည်ဟု မန်စံ သို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ဦးစိန်ဝင်း ကပြောသည်။

“ စစ်ရှောင်တွေရဲ့ ကျန်းမာရေးကိုတော့ ဂရုစိုက်နေရတယ်။ ကျနော်သိရသလောက် ဝမ်းပျက်ဝမ်းလျောတာ ၁၀ယောက်လောက်ရှိပြီ” ဟု ဦးစိန်ဝင်း ကဆိုသည်။

သျှမ်းပြည်မြောက်ပိုင်း တွင် RCSS/SSA နှင့် TNLAကြားဖြစ်ပွားသည့် တိုက်ပွဲသည် ဒီဇင်ဘာ ၂၅ ရက်မှ စတင်ကာ ယနေ့အချိန်ထိ တိုက်ပွဲ ဆက်လက်ပြင်းထန်းနေဆဲဖြစ်ကာ ကျောက်မဲမြို့တွင် စစ်ရှောင် (၁၀၀၀) ကျော်၊ နမ္မတူမြို့နယ်တွင် စစ်ရှောင် (၈၇၂) ထိရှိလာကြောင်းသိရသည်။

“ RCSSနဲ့ TNLA ကတော့ တိုက်ပွဲဆက်ပြီးပြင်းထန် မယ်လို့ ကျနော်ထင်တယ်။ ဒီလို ပြင်းထန်နေသရွှေ့တော့ စစ်ရှောင်လည်း ထပ်တိုးမယ်။ ပြည်သူတွေ ဆက်ပြီး ဒုက္ခရောက်မယ်” ဟု နမ္မတူ ဒေသခံ အမျိုးသားတဦးက ပြောသည်။

ယနေ့ ဇန်နဝါရီ (၅) ရက် နမ္မတူမြို့နယ် ပန်ချင်အုပ်စုအတွင်း ညောင်ဆွယ်ကျေးရွာ နှင့် မိုင်းဟုန်းရွာကြား RCSS နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားရာ ဒေသခံ အမျိုးသား တဦးလက်နက်ထိမှန်သေဆုံးခဲ့ပြီး၊ အမျိုးသားတဦး ဒဏ်ရာရရှိကာ နေအိမ်တလုံး လက်နက်ကြီးထိမှန်ပြီး မီးလောင်ခဲ့ကြောင်း သိရသည်။

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...