သက်ငယ်မုဒိမ်းကျူးလွန် သတ်ဖြတ်သူကို SSPP တပ် က သေနတ်ပစ်၊သေဒဏ်ချမှတ်

သက်ငယ်မုဒိမ်းကျူးလွန် သတ်ဖြတ်သူကို SSPP တပ် က သေနတ်ပစ်၊သေဒဏ်ချမှတ်

နန်းဆိုင်ဖူး — သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် အတွင်း အသက် (၆)နှစ်အရွယ် မိန်းကလေးကို သက်ငယ်မုဒိမ်းပြုကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားကို SSPP/SSA မှ သေဒဏ်ချမှတ်လိုက်ကြောင်း စုံစမ်းသိရသည်။

ယခုလ (၉ )ရက် ညနေပိုင်းတွင် သီပေါမြို့နယ် ဝမ်နောက်ကျေးရွာ အုပ်စု ဝမ်နွက်ရွာ တွင် အသက် (၆)နှစ် အရွယ် မိန်းကလေးငယ်သည်နေအိမ်မှ ပျောက်ဆုံးခဲ့ရာ၊ ရွာသားများက လိုက်လံရှာဖွေခဲ့ကာ ဒီဇင်ဘာ (၁၁)ရက် နေ့လည်ပိုင်းတွင် ရွာနောက်ပိုင်းရှိ ချောင်းခြောက်အတွင်း လည်ပင်းညှစ် ခံထားရသည့် ဒဏ်ရာ၊ နောက်စေ့ ရိုက်ခံထားသည့် ဒဏ်ရာဖြင့် သေဆုံးနေကြောင်း ဒေသခံများပြောပြချက် အရသိရသည်။

ထို့နောက် သက်ငယ်မုဒိမ်းပြုကျင့်သတ်ခံရခဲ့သည့် တရားခံ စိုင်းစော့ ကို သျှမ်းပြည် တိုးတက်ရေးပါတီ၊ သျှမ်းပြည် တပ်မတော် (SSPP/SSA)မှ က ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံကို စစ်ဆေးရာ ပြစ်မှုထင်ရှားခဲ့သဖြင့် SSPP /SSA ၏ ဗဟိုတရားရုံးမှ တရားခံကို သေဒဏ်ချမှတ်လိုက်ကြောင်း ဒီဇင်ဘာ (၂၂)ရက်တွင် တရားဝင်ထုတ်ပြန်ခဲ့သည်။

“ သေဒဏ်က ပစ်သတ်တာပါ။ အထက်တရားရုံးက အမှုရဲ့ အသွားအလာကိုကြည့်ပြီးတော့မှ သေဒဏ်ချမှတ်တဲ့ အခွင့်အာဏာရှိတယ်။ အောက်တရားရုံးက ဆုံးဖြတ်လို့ အမှုကြီးတွေ ဖြစ်တဲ့အတွက် အထက်တရားရုံးကို ပြန်တင်တယ်။ အထက်တရားရုံးက ဒီအချက်တွေ သေဒဏ်ချလို့ရတယ်” ဟု SSPP/SSA ဗဟိုတရားရုံး ဥပဒေအရာရှိ စိုင်းအူဟိန်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

စိုင်းစော့ သည် တစ်ရွာသားဖြစ်သူ အသက် (၆) နှစ်အရွယ် ကို သက်ငယ်မုဒိမ်းကျင့် သတ်ဖြတ်သည့် အတွက် ခရိုင်တရားရုံးမှ တဆင့် ဗဟိုတရားရုံးထိ သက်သေထောက်အထား ပြည့်စုံစွာ တင်ပြခဲ့ပြီး သက်သေခိုင်လုံမှုရှိခြင်းကြောင့် သေဒဏ်ချမှတ်ခဲ့ကြောင်း စိုင်းအူဟိန်း ကဆိုသည်။

“ကျနော်တို့ သေဒဏ်ချမှတ်တာက ဗဟိုတရားရုံးမှာ၊ လူထုရှေ့မှာပဲ ဆုံးဖြတ်တယ်။ ပြီးရင် ကော်မတီ စုံစုံနဲ့ ဆုံးဖြတ်တယ်။ သက်သေအထောက်အထားခိုင်လုံလို့ လူထုကိုလည်း ချပြပြီးတော့မှ ကျနော်တို့ သေဒဏ်ချမှတ်တာပါ” ဟု စိုင်းအူဟိန်း ကထပ်လောင်း ပြောသည်။

သေဒဏ်ချမှတ်သည့်ကိစ္စနှင့် ပတ်သက်ပြီး လူ့အခွင့်အရေး အရ ပြောရမည်ဆိုပါက သေဒဏ်မပေးရန် ပါရှိထားသော်လည်း လက်ရှိ ဖြစ်နေသည့် သက်ငယ်မုဒိမ်းကို ကျူးလွန်ပြီး ကလေးငယ်ကို သတ်ဖြတ်ခဲ့သည့် ကိစ္စသည် ကြီးလေးသည့် ပြစ်ဒဏ်မပေးပါက ဆက်ဖြစ်လာနိုင်ကြောင်းသီပေါ အခြေစိုက် အမျိုးသမီး အခွင့်အရေး ဆောင်ရွက်နေသည့် နန်းနန်း က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီလို ကြီးလေးတဲ့ ပြစ်ဒဏ်မပေးရင် ရှေ့ဆက် ဖြစ်လာမှာလည်းကြောက်ရတယ်။ ဒီလို လုပ်သွားတာက ရှေ့ဆက် ပိုကောင်းလာမယ်လို့ ကျမတော့ အဲ့လိုမြင်တယ်။ ဒီလိုကိစ္စမျိုး သျှမ်းပြည်မှာ လာလုပ်လို့မရဘူးဆိုတာ အများသိသွားအောင် စံပြဖြစ်သွားတာပေါ့။” ဟု ပါနန်းနန်း က ပြောသည်။

အလားတူ ဖြစ်စဉ်မျိုးကို SSPP/SSA လှုပ်ရှားရာ နယ်မြေအတွင်း ရှိခဲ့ဖူးပြီး သေဒဏ်ပေးခဲ့ဖူးကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံတွင် သက်ငယ်မုဒိမ်းမှုနှင့် ပတ်သက်ပြီး ၂၀၁၇ ခုနစ်တွင် ၆၃.၈၄ ရာခိုင်နှုန်း၊ ၂၀၁၈ခုနစ်တွင် (၆၄.၉၃)ရာခိုင်နှုန်းနှင့် ၂၀၁၉ ခုနစ်တွင် (၆၇.၆၈)ရာခိုင်နှုန်းဖြင့် တနှစ်ထက်တနှစ် ပိုများလာကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ထုတ်ပြန်ချက် အရ သိရသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...