မိုင်းဖုန်းဆရာတော်မိန့်မှာသည့် လွိုင်လင်မြို့ကစေတီတော် တည်ဆောက်မှု တပ်ပိုင်မြေဆိုပြီး ရလခတိုင်းတားမြစ်

မိုင်းဖုန်းဆရာတော်မိန့်မှာသည့် လွိုင်လင်မြို့ကစေတီတော် တည်ဆောက်မှု တပ်ပိုင်မြေဆိုပြီး ရလခတိုင်းတားမြစ်
Photo - Screen Shot from Hsur Heng Mai VDO- ဒုတိုင်းမှူးနှင့်အဖွဲ့ လွိုင်၀ိန်းစေတီတော်တည်ဆောက်မှုအားလာရောက်တားမြစ်စဉ်
Photo - Screen Shot from Hsur Heng Mai VDO- ဒုတိုင်းမှူးနှင့်အဖွဲ့ လွိုင်၀ိန်းစေတီတော်တည်ဆောက်မှုအားလာရောက်တားမြစ်စဉ်

သျှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့နယ်၊ လွိုင်ဝိန်း သာသနာတောင်တွင် မိုင်းဖုန်းဆရာတော်   ခူးဝါးဝန်းစုမ့် မိန့်မှာထားသည့် စေတီတော်တည်ဆောက်ရေး တာ၀န်ယူသည့်သံဃာတော်များအား ရလခတိုင်းက လာရောက်တားမြစ်ကြောင်းသိရသည်။

ဒီဇင်ဘာ ၁၇ ရက်နေ့က အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဉီးဆောင်သည့်အဖွဲ့က လွိုင်ဝိန်းသို့ရောက်လာပြီး တပ်ပိုင်မြေဖြစ်သောကြောင့် စေတီတော်ဆက်တည်ဆောက်ခွင့်မပြုကြောင်း ပြောဆိုခဲ့သည်ဟုဆိုပါသည်။

လွိုင်လင်ဓါတ်တော်ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဒေါက်တာပညာနန္ဒက – “ဒုတိုင်းမှူး ကိုယ်တိုင် ရောက်လာပြီး စေတီတော်ဆက်မတည်ဖို့ပြောတယ်။ ဒီမြေက တပ်မြေထဲပါတဲ့ အတွက် ခွင့်မပြုနိုင်ဘူးလို့ပြောတယ်။ ဆောက်လက်စ စေတီနဲ့ရှိထားတဲ့ကျောင်းဆောင်တွေကိုတော့ တပ်စေတီ  အဖြစ်ထားရှိသွားမယ်လို့ပြောတယ်။ ဒါပေမယ့် စာနဲ့ပေတဲ့တရား၀င်ရေးလာတာတော့မဟုတ်ဘူး။” – ဟု သျှမ်းသံတော်ဆင့်အားမိန့်တော်မူသည်။

လွိုင်ဝိန်းတောင်စေတီတော် တည်ဆောက်ရေးတွင်တာ၀န်ကျသည့် သံဃာတော်များ နေထိုင်နေပြီး  တပ်မှ ထွက်ခွာခိုင်းပါက၊ ဉီးစီးဆရာတော်များမိန့်လာပါက သံဃာတော်များ ကြွရမည်ဖြစ်ကြောင်း  ကျောင်းထိုင် ဆရာတော် အရှင်စန္ဒာဝရ ကပြောသည်။

ယနေ့ ဒီဇင်ဘာ ၁၈ ရက်နေ့ စစ်ဖက်မှလာရောက်ကြည့်ရှုရာတွင် “ သူတို့ဖက်ကတော့ လာဖျက်ဆီးတာ တော့ မရှိဘူး။ ဒါပေ့မဲ  ဆောက်လက်စတွေတော့ ဆက်မဆောက်ဖို့လာပြောတာ” ဟု အရှင် စန္ဒာဝရက ပြောသည်။

 အဆိုပါနေရာတွင် မိုင်းဖုန်းဆရာတော် လက်ရှိတရားဘာ၀နာကျင့်ကြံရာမိုင်းကျက်ဂူမှ ထွက်လာပါက လာရောက်တည်းခို၊ တရားကျင့်ကြံ၊ တရားဟောကြားရန်အတွက် ကျောင်းဆောင်များပါ ဆောက်လုပ်ပြီးစီးပြီဖြစ်ကြောင်း လည်း လွိုင်လင်ဒေသခံများကပြောသည်။

“ဒီနေရာကို ဘုန်းဘုန်းတို့က တရား၀င် အကြိမ်ကြိမ် စာရေးသားတင်ပြထားပြီးပြီး။ နောက်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျိုင်းတုံရောက်တုန်းက ၀စီပိတ်ဆရာတော်ကနေတဆင့် ပြောထားတာလည်းရှိတယ်။ အဲဒီတုန်းက ဗိုလ်ချုပ်မှူးကြီးက အကျိုးအကြောင်းမေးပြီးတော့ – တိုင်းမှူးတွေကိုသွားကြည့်ခိုင်းလိုက်မယ်။ သူတို့စီစဉ်ဆောင်ရွက်ပေးလိမ့်မယ် လို့တောင်ပြောတယ်။”- ဟု ဆရာတော်က ဒေါက်တာပညာနန္ဒက သျှမ်းသံတော်ဆင့်အားထပ်မံမိန့်တော်မူသည်။

လွိုင်ဝိန်းတောင်ရှိသာသနာမြေနေရာသည် နောင်တောင်းနှင့်နောင်ဟူး ရွာသားများက လွိုင်လင်မြို့ ဓါတ်တော်ကျောင်းတိုက်က ကျောင်းထိုင်ဆရာတော်ထံ လှူဒါန်းထားခြင်းဖြစ်ကြောင်းသိရသည်။

“ ရွာ ၂ ရွာက ရွာသားတွေက သူတို့ယာမြေတွေကို ဘုန်းဘုန်းတို့ကိုလှူထားတာ။  ဘုန်းဘုန်းတို့လည်း သွားကြည့်တယ် တိုင်းတာတယ်။ မိုင်းဖုန်းဆရာတော်လည်းကြိုက်တယ်ဒီနေရာ ။ ဆရာတော်တောင် ၂ ခါ ကြွလာပြီးပြီ။” ဟု လွိုင်လင်မြို့ ဓာတ်တော်ကျောင်းတိုက်ဆရာတော် ဒေါက်တာပညာနန္ဒကပြောသည်။

လွိုင်ဝိန်းတောင်နေရာကို သာသနာမြေအဖြစ်   ၂၀၁၈ ခုနှစ်က သတ်မှတ်ကာကျောင်း ဆောင်များ ဆွမ်းဆောင်များ တည်ဆောက်လာခဲ့ကြောင်းသိရသည်။   

မိုင်းဖုန်းဆရာတော်မိုင်းကျက်ဂူအောင်းတရားကျင့်ခဲ့သည့် ၂ နှစ်တာကာလအတွင်း လွိုင်ဝိန်းတောင်တွင် စေတီတော်နှင့် ကျောင်းဆောင်များဆောက်လုပ်မှုတွင် စုပေါင်းကာ အပြီးဆောက်လုပ်သွားရန် ၃ ကြိမ်ထက်မနည်း စာရေးသားပေးပို့လာခဲ့ပြီဖြစ်ကြောင်း၊ ၃ နှစ်ပြည့်ပြီး ဆရာတော်ဂူမှထွက်လာပါက စေတီတော်အားထီးလာတင်ပေးမည်ဖြစ်ကြောင်းလည်း ဆရာတော်က စာတွင်ထည့်သွင်းရေးသား ထားသည်ဟုလည်း ဒေါက်တာပညာနန္ဒက မိန့်တော်မူပါသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...