ကျောက်မဲခရိုင် အနိုင်ရ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် သေနတ်ပစ်သတ်ခံရ

ကျောက်မဲခရိုင် အနိုင်ရ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် သေနတ်ပစ်သတ်ခံရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးထိုက်ဇော်သည် ယနေ့ နိုဝင်ဘာ ၂၁ ရက် ည ၆နာရီဝန်းကျင် တွင် အမည်မသိလက်နက်ကိုင်အဖွဲ့ က လာရောက်ပစ်သတ်သွားကြောင်းစုံစမ်းသိရသည်။

ဖြစ်စဉ်မှာ ယနေ့ ညနေ ၆ နာရီ ၁၅ မိနစ်ခန့်တွင်က ဦးထိုက်ဇော်သည် ကျောက်မဲမြို့နယ် ပင်တိန်ကျေးရွာအုပ်စု၊ ပင်တိန်ကျေးရွာရှိ နေအိမ်၌ ဘုရားရှိခိုးပြီး နေအိမ်ဈေးဆိုင်အတွင်း ကွမ်းယာနေစဉ် အမည်မသိ လူနှစ်ဦး ဆိုင်ကယ်တစီးဖြင့် လာရောက်ပစ်ခတ်သွားကြောင်း ကျောက်မဲမြို့ မရဲစခန်းမှ တာဝန်ရှိသူ တဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ဆိုင်ကယ်တစီးနဲ့ လူနှစ်ယောက် လာတယ်။ လက်နက်ငယ်နဲ့ လာပစ်သွားတယ်။ ဦးထိုက်ဇော်ရဲ့ ညာဘက်နို့အုံအထက် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက် ရတယ်” ဟု ရဲစခန်းမှ တာဝန်ရှိသူ က ဆိုသည်။

ဦးထိုက်ဇော် သေနတ်ပစ်ခံရပြီး၊ ကျောက်မဲဆေးရုံ အရောက်တွင် သေဆုံးသွားကြောင်းသိရသည်။

လက်ရှိအချိန်ထိ တရားခံကို ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း၊ တရားခံကို ရှာဖွေနေဆဲ ဖြစ်ကြောင်း သိရသည်။

ဦးထိုက်ဇော်သည် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်( NLD) ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး၊ ကျောက်မဲခရိုင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာတွင် အနိုင်ရရှိထားသည့် သူတဦးဖြစ်သည်။

လွန်ခဲ့သည့် နိုဝင်ဘာ ၁၄ ရက် ည ၁၁ နာရီကျော်ကလည်း ကျောက်မဲမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးစိုးထွန်း၏ နေအိမ်လည်း သေနတ်ပစ်ခတ်ခံ ခဲ့ရသေးသည်။

ကျောက်မဲမြို့နယ်အတွင် တိုင်းရင်းသားလက်နက်ကိုင်များ၊ အစိုးရ တပ်မတော်များ လှုပ်ရှားသည့်နေရာတခုဖြစ်ပြီး၊ ၂၀၁၅ ခုနစ်နောက်ပိုင်း စစ်ရေး ပဋိပက္ခ မကြာခဏဖြစ်ပွားသည့်နေရာဖြစ်သကဲ့သို့ အရပ်သားမကြာခဏ သေနတ်ပစ်သတ်ခံရပြီး သေဆုံးခဲ့သည့်နေရာဖြစ်ကာ တရားခံကို တကြိမ်တခါမျှ ဖမ်းဆီးရရှိခြင်းမရှိခဲ့ပေ။

May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...