မိုင်းပန်မြို့နယ် မဲရုံသွားစစ်သည့် အစိုးရ ဝန်ထမ်း ၂ဦးကို RCSS/SSA တပ်သားများပစ်ခတ်ဟုဆို

မိုင်းပန်မြို့နယ် မဲရုံသွားစစ်သည့် အစိုးရ ဝန်ထမ်း ၂ဦးကို RCSS/SSA တပ်သားများပစ်ခတ်ဟုဆို

နန်းဆိုင်ဖူး — သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ် နားမွန်ကျေးရွာအုပ်စုတွင်း မဲရုံသွားစစ်သည့် ခရိုင်အုပ်ချုပ်ရေးမှူး ၂ ဦးအား ပစ်ခတ်မိကြောင်း RCSS/SSA က အတည်ပြုပြောဆိုသည်။

အောက်တိုဘာ ၂၇ ရက် နေ့လည် ၁ နာရီ ဝန်းကျင်က မဲရုံဝန်ထမ်း နှင့်မဲရုံ ပစ္စည်းများ သွားပို့ဆောင်သည့် လင်းခေးခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ စီးနင်းလိုက်ပါလာသည့် မော်တော်ယာဉ်ကို သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) မှ ပစ်ခတ်ခဲ့ကြောင်း ပြောခွင့်ရ ပုဂ္ဂိုလ် ဒုဗိုလ်မှူးကြီး အုပ်ခေး က အတည်ပြုပြောဆိုသည်။

“ဟုတ်ပါတယ်။ အဲ့ဒီ အုပ်ချုပ်ရေးမှူးတို့အဖွဲ့ ကို RCSS တပ်ဖွဲ့ဝင်တွေ မတော်တဆပစ်ခတ်မိတာ အဲ့ဒါ မှန်ပါတယ်။ အထက်ကနေစီမံချက် ရှိရှိနဲ့ အမိန့်နဲ့ ပစ်ခတ်ခိုင်းတာတော့ လုံးဝ မဟုတ်ဘူး” ဟု RCSS/SSA ပြောခွင့်ရ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

လင်းခေးခရိုင်အုပ်ချုပ်ရေးမှူးတို့အဖွဲ့ မိုင်းပန်မြို့နယ်သို့ ကွင်းဆင်းစစ်ဆေးမည်ကို RCSS/SSA ဆက်ဆံရေးရုံးကို အကြောင်းကြားထားသော်လည်း မတော်တဆ ဖြစ်မိသွားကြောင်း RCSS/SSA ကပြောသည်။

“ အကြောင်းကြားထားတဲ့ဟာကို RCSS/SSA တပ်ဖွဲ့ဝင် ရှေ့တန်းတွေ က မကြားသိရသေးဘူး။ ရှေ့တန်းဆိုတော့ လမ်းဖြတ်ကူးတဲ့ချိန်မှာ အဲ့ဒီ ယာဉ်တန်းက ရုတ်တရက် ရောက်ချလာတော့ သူတို့လည်းအလန့်တကြား ပစ်ခတ်မိရတာပါ” ဒုဗိုလ်မှူးကြီး အုမ်ခေး က ဆိုသည်။

RCSS/SSA အနေဖြင့် သက်ဆိုင်ရာ ရဲဘော်များကို ကြီးလေးသည့် ပြစ်ဒဏ်နှင့် အရေးယူသွားမည် ဖြစ်ကြောင်း၊ စည်းမျဉ်းစည်းကမ်း အတိုင်း အရေးယူဆောင်ရွက်သွးမည်ဖြစ်ကြောင်းလည်း ဒုဗိုလ်မှူးကြီး အုမ်ခေး က ထပ်လောင်း ပြောသည်။

“ဘယ်လိုပဲ ဖြစ်နေနေ RCSS ကတော့ အမှားရှိတယ်လို့တော့ ဝန်ခံပါတယ်။ အဲ့ဒါကြောင့်မလို့ တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ သက်ဆိုင်တဲ့ သူတွေကို ကြီးလေးတဲ့ ပြစ်ဒဏ် ပြီးတော့ အဖွဲ့အစည်းရဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း အရေးယူသွားမယ်လို့တော့ ဌာနချုပ်က ကြားသိရပါတယ်” ဒုဗိုလ်မှူးကြီး အုမ်ခေး ကပြောသည်။

နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမည့် ၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲနေ့မှာ ဆန္ဒမဲ လာပေးမည့် ပြည်သူလူထုများ အနေဖြင့် မကြောက်ရွံ့စေရန် RCSS/SSA က ပြောကြားခဲ့သည်။

လက်ရှိ အခြေအနေမှာ ပုံမှန် ပြန်ဖြစ်နေပြီဖြစ်ကြောင်း၊ ပါတီများလည်း ထိုနယ်မြေသို့ စည်းရုံးရေးဆင်းရန် ပြန်လည်ပြင်ဆင်နေကြပြီဖြစ်ကြောင်း သိရသည်။

“ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘာမှ မစိုးရိမ်ရပါဘူး။ အဲ့ဒီ ကျေးရွာမှာလည်း ၁ ရက်နေ့ ၂ ရက်နေ့ မှာ ပြန်လည် စည်းရုံးရေး ဆင်းဖို့ စီစဉ်ထားပါတယ်” ဟု မိုင်းပန်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း စိုင်းကျော်ခိုင် က ပြောသည်။

ဒဏ်ရာ ရသူ နှစ်ဦးကို အောက်တိုဘာ (၂၇) ရက်နေ့ကတည်းက တောင်ကြီး စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ဆေးကုပေးနေကြောင်း သိရသည်။

၂၀၂၀ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပရန် ၉ ရက်သာ ကျန်ရှိပါသည်။

May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...