နမ္မတူမြစ်ပေါ်တွင် တည်ဆောက်ထားသည့် ရေကာတာ ရပ်တန့်ပေးရန် ဒေါ်အောင်ဆန်းစုကြည်ထံစာပို့

နမ္မတူမြစ်ပေါ်တွင် တည်ဆောက်ထားသည့် ရေကာတာ ရပ်တန့်ပေးရန် ဒေါ်အောင်ဆန်းစုကြည်ထံစာပို့

Hseng Leng — သျှမ်းပြည် မြောက်ပိုင်း နမ္မတူမြစ်ပေါ် တည်ဆောက်နေသည့်အထက်ရဲရွာ ရေကာတာစီမံကိန်း ရပ်တန်ပေးရန် ဒေသခံပြည်သူများက နိင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အိတ်ဖွင့်စာကို အောက်တိုဘာ ၂၇ ရက်စွဲဖြင့် ပေးပို့လိုက်ကြောင်း သိရသည်။

နမ္မတူမြစ်ပေါ်ရှိ အထက်ရဲရွာ ရေကာတာ စီမံကိန်း နှင့် သီပေါ (နမ္မတူ) ရေကာတာများသည် သီပေါ၊ကျောက်မဲမြို့နယ် ဒေသခံများအတွက် ကြီးမားစွာ ဆိုးကျိုးများသက်ရောက်မည်ဖြစ်သဖြင့် ဒေသခံလက်မှတ် (၁၈၈၄) ဖြင့် ဒေါ်အောင်ဆန်းစုကြည်ထံ အိတ်ဖွင့်စာ ပေးပို့ခဲ့သည်။

“ ဒီနမ္မတူမြစ်ပေါ်တည်ဆောက်နေတဲ့ ရေကာတာကို ရပ်တန့်ပေးဖို့ ထပ်တောင်းဆိုတာပါ။ လက်ရှိရေကာတာ အခြေအနေက ၄၀ ရာခိုင်းနှုန်းလောက်တော့ ပြီးပြီလိုတော့ပြောလို့ရတယ်။ ၂၀၀၈ ကတည်းက စဆောက်တာဆိုတော့၊ အခုဆို ၁၀ နှစ်ကျော်လောက်တော့ရှိပြီ” ဟု စိုင်းဖုန်းမြင့် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ရေကာတာစီမံကိန်း ၁၀နှစ်ကျော် ကာလအတွင်း စီမံကိန်းနှင့် ပတ်သက်ပြီး ဒေသခံများ၏ ကန့်ကွက်မှုကြောင့် တချို့ကုမ္ပဏီများ နှုတ်ထွက်ခဲ့သော်လည်း လက်ရှိမှာရေကာတာစီမံကိန်းကို အစိုးရအနေဖြင့် မရပ်တန့်သေးသည့်အတွက် ရပ်တန့်ပေးရန်ထပ်မံတောင်းဆိုခြင်းဖြစ်ကြောင်းလည်း စိုင်းဖုန်းမြင့် က ဆိုသည်။

အထက်ရဲရွာ ရေကာတာ စီမံကိန်း ဆောက်လုပ်ရာတွင် ပါဝင်ခဲ့သည့် ဆွစ်ဇာလန်နိုင်ငံ Stucky ကုမ္ပဏီမှ သြဂုတ် ၂၆ ရက်တွင် Business and Human Rights Resource Centre (BHRRC) အဖွဲ့ထံသို့ ရေကာတာဆောက်လုပ်မှုတွင် နှုတ်ထွက်ကြောင်းကိုစာပေးပို့ခဲ့ကြောင်း သိရသည်။

Stucky SA ကုမ္ပဏီသည် အထက်ရဲရွာရေကာတာဆောက်လုပ်ရေးတွင် နှုတ်ထွက်သည့် ဒုတိယမြောက် ကုမ္ပဏီ ဖြစ်ကြောင်းသိရသည်။

ထို့ပြင် ဇန်နဝါရီ လပိုင်းတွင်လည်း ပြင်သစ်ကုမ္ပဏီ Engie မှ အင်္ဂလန်အခြေစိုက်မြန်မာအရေးလှုပ်ရှားသူများ အဖွဲ့ Burma Campaign (BCUK)ထံသို့ မိမိတို့၏ ကုမ္ပဏီခွဲဖြစ်သည့် Lahmeyer ဂျာမနီသည် အထက်ရဲရွာ ရေကာတာဆောက် လုပ်ရေးနှင့် ဆက်နွယ်မှုမရှိတော့သောကြောင့် မြန်မာ့လူ့အခွင့်အရေးချိုး ဖောက်သူများ ၏စာရင်း အမည်ပျက် စာရင်းထဲမှပယ်ဖျက်ပေးပါရန် တောင်းဆိုခဲ့ကြောင်းလည်း ရှမ်းပြည်နယ် အတွင်း ရှိ မြစ်ချောင်းများအရေး လှုပ်ရှားမှု ကွန်ယက်၏ ထုတ်ပြန်ချက်အရသိရသည်။

သျှမ်းပြည် အတွင်းရှိ နမ္မတူမြစ်ပေါ် တွင် အကြီးစားရေကာတာ စီမံကိန်း ၃ခုရှိပြီး၊ နော်ဝေနိုင်ငံပိုင် SN Power ကုမ္ပဏီ ရင်းနှီးမြုပ်နှံမှုဖြင့် ၇၃၅ မီကာဝပ် ထွက်ရှိမည့် အလယ်ရဲရွာ စီမံကိန်း၊ တရုတ်၊ ဂျပန်၊ ဆွစ်ဇလန် နှင့် ပြင်သစ်နိုင်ငံကုမ္ပဏီ များမှ ပါဝင်ဆောက်လုပ်လျက်ရှိသည့် ၂၈၀ မီကာဝပ် အထက်ရဲရွာရေကာတာ စီမံကိန်း နှင့် Natural Current Energy Hydropower Company Limited မှ ၂၁၀ မီကာဝပ် နမ္မတူ (သီပေါ) ရေကာတာ စီမံကိန်းများသည် ယနေ့ထိတိုင် စစ်မက်ဖြစ်ပွားရာ ဒေသတွင်း တည်ရှိနေကြောင်းသိရသည်။

နမ္မတူမြစ်သည် ဌာနပြည်သူလူထုထောင်ပေါင်းများစွာ မြစ်ကမ်းဘေးတစ်လျှောက်တွင် မျိုးဆက်ပေါင်းများစွာ မြစ်ကိုအခြေပြပြီး စိုက်ပျိုးရေး တံငါးသည်လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးနှင့် မရေတွက်နိုင်သောအခြားလိုအပ်ချက်ပေါင်းများစွာသည်ပြည်သူဘ၀ရပ်တည်နိင်ရေးအတွက် အရေးပါလှသော မြစ်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

ထို့ကြောင့် နမ္မတူမြစ်ပေါ် တည်ဆောက်လျက်ရှိသော အထက်ရဲရွာ စီမံကိန်း သီပေါ(နမ္မတူ) ရေကာတာစီမံကိန်း နှင့် အလယ်ရဲရွာ စီမံကိန်းများအားလုံးရပ်တန့်ရန် နှင့် ဒေသခံများ၏ အသံနှင့်တုန့်ပြန်မှုများကို အသိအမှတ်ပြုပေးရန်အတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ပို့သည့် အိတ်ဖွင့်စာထဲတွင် ထည့်သွင်းရေးသားထားသည်။

May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...