နန်းဆိုင်ဖူး — သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်တွင် ရွေးကောက်ပွဲ ပြန်လည် ကျင်းပနိုင်ရန်အတွက် တောင်းဆိုရာမှာ တအောင်းပါတီ မပါဝင်ကြောင်း စုံစမ်းသိရှိရသည်။
မိုင်းကိုင်မြို့နယ်တွင် နိုင်ငံရေးပါတီ ၅ ပါတီ ရှိသော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ( SNDP) ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ( NLD) နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ( USDP) နှင့် တအောင်း(ပလောင်) အမျိုးသားပါတီ ( TNP ) တို့ အောက်တိုဘာ ၁၇ ရက်နေ့က စတင်ဆွေးနွေးခဲ့ကြောင်း သိရသည်။
“ကိုယ်စားလှယ်လောင်း အနေနဲ့ မဲဆွယ်စည်းရုံးရေး ကာလမှာ ရွာတွေကိုဆင်းဖို့ အဆင်မပြေတာ ကျနော်တို့ TNP အနေနဲ့ ဆင်းရင် ကျနော်တို့ ရောက်သွားတဲ့ ရွာတွေကို ရွာသားတွေက ခြိမ်းခြောက်ခံရတယ်။ အဲ့ကြောင့်မလို့ လက်မှတ် မထိုးလိုက်တာပါ” မိုင်းကိုင်မြို့နယ် တအောင်း(ပလောင်) အမျိုးသားပါတီ ဥက္ကဋ္ဌ မိုင်းနုမ်ဟန် က သျှမ်းသံတော်ဆင့် ကိုပြောသည်။
TNP အနေဖြင့် မဲဆွယ်စည်းရုံးရေး ကာလမှာ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ များ ခြိမ်းခြောက်ခံရကြောင်း မိုင်းနုမ်ဟန် ကပြောသည်။
“ဘာကြောင့်လို့ လက်မှတ်မထိုးတာလည်း ဆိုလို့ရှိရင် ကျနော်တို့ မဲဆွယ်စည်းရုံးရေး ကာလမှာ မဲဆွယ်လို့မရတဲ့ အခြေနေရောက်နေလို့ ကျနော်တို့အတွက် လုံခြုံရေးပိုင်းလည်းမရှိဘူး။ TNP အနေနဲ့ တရားမျှတမှုပိုင်းမရှိဘူး။ ကျနော်ပြောချင်တာ ဒါပါပဲ” ဟု မိုင်းနုမ်ဟန် ကပြောသည်။
ထို ကိစ္စနှင့် ပတ်သက်ပြီး မဲဆွယ်စည်းရေးရုံးရေးကာလတွင် ကိုယ်စားလှယ်လောင်းများအနေဖြင့် ကြုံတွေ့နေရသည့် အခက်ခဲများကို မြို့နယ်ကော်မရှင် မှ ခရိုင်ကော်မရှင်ထဲ စာပို့ထားကြောင်း သိရသည်။
နယ်မြေတည်ငြိမ်အေးချမ်းပြီး တိုက်ပွဲမဖြစ်ပွားသည့် သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် တစ်ခုလုံးကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ရွေးကောက်ပွဲ ကျင်းပခွင့်မပြုကြောင်း ထုတ်ပြန်ခဲ့သည်။
သို့သော် မိုင်းကိုင်မြို့နယ် အတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီများက ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရန် အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ကို စာတင်ထားကြောင်း သိရသည်
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် တစ်ခုလုံးသည် နယ်မြေတည်ငြိမ်အေးချမ်းပြီး တိုက်ပွဲမဖြစ်ပွားသည့် ဒေသဖြစ်သည့်အတွက် ရွေးကောက်ပွဲ ကျင်းပခွင့်မပြုလျှင် မဲဆန္ဒရှင် ပြည်သူ စုစုပေါင်း (၅၆,၀၀၀) ကျော် မဲပေးနိုင်သည့် အခွင့်အရေး ဆုံးရှုံးနိုင်ကြောင်း သိရသည်။
“ဘယ်လိုဖြစ်ဖြစ် ဒါက မဖြစ်သင့်တဲ့ ကိစ္စ ကိစ္စဖြစ်တဲ့အတွက် ကျနော်တို့အနေနဲ့ တောင်းဆိုတယ်။ နိုင်ငံသား အခွင့်အရေးဖြစ်တဲ့ မဲပေးပိုင်ခွင့်ကို ပြန်လည်ဖော်ဆောင်ပေးဖို့ တောင်းဆိုတယ်။ ပြီးတော့ UEC ရဲ့ ဆုံးဖြတ်ချက်ကတော့ ပြန်လည်ပြင်ဆင်ပေးဖို့ ပြန်လည်စဉ်းစားပေးဖို့ တောင်းဆိုတယ်” ဟု မိုင်းကိုင်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် စိုင်းဆိုင်မိုင်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။
မိုင်းကိုင်မြို့နယ်တွင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပခွင့်ပြုရန် ၉၀ ရာခိုင်နှုန်း သေချာကြောင်း လည်း သျှမ်းပြည် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ က ပြောသည်။
ရွေးကောက်ပွဲဆိုင်ရာ အခွင့်အရေးများကို ပုံစံအမျိုးမျိုးဖြင့် အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ နှောက်ယှက်ခြင်းများ၊ အသွင်အမျိုးမျိုးဖြင့် ဘာသာရေး၊ လူမျိုးရေးကို အကြောင်းပြုပြီး စည်းရုံးခြင်း၊ ဆူပူမှုဖြစ်အောင် ဖန်တီးခြင်း ရပ်ရွာ အေးချမ်းသာယာရေး ပျက်ပြားအောင် ကြံဆောင်ခြင်းများစသည့် တရားမဲ့ ပြုကျင့်မှုများကို တွေ့ရှိရသည်ဟု အောက်တိုဘာ (၁၆) ရက် တွင် နိုင်ငံတော် သမ္မတရုံးမှ ထုတ်ပြန်ကြေညာခဲ့သည်။







