စိုးထိုက်အောင် — ကယားပြည်နယ်၊ ဘောလခဲရိုင် ရွာသစ်မြို့တွင်း ခွင့်ပြုချက်မရှိဘဲ သွားလာနေတဲ့ တရုတ်နိုင်ငံခြားသားသုံးဦးကို ဥပဒေအရ ပြည်နှင်ဒဏ်ပေးခဲ့တယ်လို့ ကယားပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ပြည်နယ်ဦးစီးမှူးရုံးမှ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ သူတို့က ဝင်လာတာကတော့ တရားဝင် ဝင်လာတာပေါ့ ပတ်စ်ပို့တွေ၊ ဗီဇာတွေနဲ့ ။ ဒါပေမဲ့နိုင်ငံခြားသားသွားလို့မရတဲ့ နယ်မြေထဲကိုကျော်ပြီးတော့ ရောက်သွားတာပေါ့” လို့ သတင်းရင်းမြစ်က ပြောပါတယ်။
ဘောလခဲမြို့နယ် ရွာသစ်မြို့မှာဖမ်းမိတဲ့ တရုတ်နိုင်ငံခြားသား ၂ ဦး၊ လက်နက်ဥပဒေဖြင့် လွိုင်ကော်အကျဉ်းထောင်မှာထောင်ဒဏ် ချမှတ်ခံရပြီး လွတ်မြောက်လာတဲ့ တရုတ်နိုင်ငံသား(၁)ဦး ၊ စုစုပေါင်း (၃)ဦးတို့ကို ဧပြီလ ၉ရက်နေ့မှာ ပြည်နှင်ဒဏ် ပေးခဲ့တာဖြစ်ပါတယ်။
မတ်လ ၂၉ရက်နေ့က ဘောလခဲခရိုင် ရွာသစ်မြို့မှာရှိတဲ့ Covid-19 စောင့်ကြည့်စစ်ဆေးရေးဂိတ်မှာရှိတဲ့ရဲတွေနဲ့တစ်ခြားတာဝန်ရှိသူတွေက ခွင့်ပြုချက်မဲ့သွားလာနေတဲ့ တရုတ်နိုင်ငံခြားသား(၂)ဦးကိုပူးပေါင်းဖမ်းဆီးခဲ့တာဖြစ်ပြီး ဘောလခဲ တရားရုံးမှာတရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
“ကျတော်တို့က ကျတော်တို့လ.ဝ.က ဥပဒေအရပြစ်ဒဏ်ခံပြီးတဲ့နိုင်ငံခြားသားတွေကို ပြည်နှင်ရတယ် ပြည်နှင်တဲ့ အခါကျတော့ ကျတော်တို့ကအခု ကျတော်တို့နိုင်ငံခြားသားဆိုရင် ဘာအမှုနဲ့ပဲကျကျ လ.ဝ.က ကနေဘဲပြည်နှင်ပေးရတာပါ”လို့ ၎င်းက ဆက်ရှင်းပြပါတယ်။
ကယားပြည်နယ်အတွင်း နိုင်ငံခြားသားတွေရဲ့သွားလာခွင့်ကို ရှားတောမြို့ကလွဲပြီး ကျန်တဲ့မြို့ပေါ်တွေတော့ သွားလာခွင့် ပြုထားပေမယ့်လို့ ကျေးရွာတွေကတော့ ကန့်သတ်ထားပါတယ်။ ဒီးမော့ဆိုမြို့နယ်အတွင်းဆိုရင် မြို့ပေါ်နဲ့ ခရီးသွားလုပ်ငန်းသတ်မှတ်ထားတဲ့နေရာတချို့၊ ဖရူဆိုမြို့နယ်ဆိုလျှင် မြို့ပေါ်နဲ့ ထေခိုရွာ၊ ဖားဆောင်း၊ ဘောလခဲ၊ မဲစယ်မြို့နယ်တွေကတော့ မြို့ပေါ်တွေသာ သွားလာခွင့်ရှိတယ်လို့သိရပါတယ်။







